မန်စီးတီးကို အက်ဖ်အေဖလားပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နောက်ထပ် စိတ်ပျက်စရာ ရာသီတစ်ခုအပြီး ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီ ဂျိမ်းစ်က “အဓိကသော့ချက်က တည်ငြိမ်မှုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆိုးရွားလှတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမဲ့ ဒီပွဲမှာ အောင်မြင်မှုတစ်ခုခု ရယူပြီး အလှည့်အပြောင်းဖြစ်ဖို့ မျှော်လင့်ခဲ့ကြတာပါ၊ ဒါပေမဲ့ မန်စီးတီးကို ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
အကြိတ်အနယ်ရှိခဲ့တဲ့ ဒီပွဲစဉ်ရဲ့ မိနစ် ၇၂ မှာ အန်တွမ် ဆီမန်ယိုရဲ့ ဖနောင့်တိုက်ဂိုးဟာ မန်စီးတီးအတွက် ဒီရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို သေချာစေခဲ့ပါတယ်။
ပွဲအပြီးမှာ TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျိမ်းစ်က အသင်းအနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မတိုင်ခင် ‘တည်ငြိမ်မှု’ ရှိဖို့ လိုအပ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။
“ရှုံးနိမ့်ခဲ့ရတဲ့အတွက် သိသိသာသာ စိတ်ပျက်မိပါတယ်။ ဒီပွဲမှာ ကစားကွက်က သိပ်ပြီး ကွာခြားမှုမရှိပါဘူး၊ တော်တော်လေး မျှတခဲ့ပါတယ်။ သူတို့က အခွင့်အရေး တစ်ကြိမ်ပဲရခဲ့တာကို အပိုင်အသုံးချသွားနိုင်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
“ရှုံးနိမ့်တဲ့အချိန်မှာ ဘယ်သူမှ မပျော်နိုင်ပါဘူး။ ကျွန်တော်တို့ နောက်ပိုင်းပွဲစဉ်တွေမှာ အတော်လေး ရှုံးနိမ့်မှုတွေ ကြုံထားရတော့ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေပါတယ်”။
“ကွင်းထဲကို ခြေချလိုက်တိုင်း ကျွန်တော်တို့ရဲ့ ပန်းတိုင်က အနိုင်ရဖို့ပါပဲ”။
ချဲလ်ဆီးအသင်းရဲ့ အနာဂတ်မှာ ဘာတွေလိုအပ်လဲဆိုတာနဲ့ ပတ်သက်ပြီး “ကျွန်တော် ထင်တာတော့ အဓိကသော့ချက်က တည်ငြိမ်မှုပါပဲ” လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ အန်ဖီးလ်ကို သွားရောက်ကစားခဲ့တုန်းက နိုင်သင့်တဲ့ပွဲပါ၊ ဒါပေမဲ့ ဒီနေ့မှာတော့ ရှုံးနိမ့်ခဲ့ရပြန်တယ်။ ဒါက ခက်ခဲပါတယ်။ သင်ယူစရာတွေနဲ့ ရှေ့ဆက်ဖို့အတွက် လုပ်ဆောင်ရမဲ့အရာတွေ အများကြီး ရှိနေပါတယ်”။
ဒီအတောအတွင်းမှာပဲ ရီးရဲလ် မာဒရစ် နည်းပြဟောင်း ဇာဘီ အလွန်ဆိုဟာ ၄ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Source : https://www.tribalfootball.com/




