ပက် ဂွါဒီယိုလာ က သူဟာ မန်ချက်စတာစီးတီး အသင်းနဲ့ စာချုပ်သက်တမ်း ‘နောက်ထပ် တစ်နှစ်’ ကျန်ရှိနေသေးတယ်ဆိုတာကို အချိန်ကိုက် သတိပေးပြောကြားလိုက်ပါတယ်။ အက်တီဟတ် ကွင်းမှာ ၁၀ နှစ်ကြာ အောင်မြင်မှုတွေ ရယူပေးပြီးနောက် နည်းပြရာထူးကနေ အနားယူတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဂွါဒီယိုလာ ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။
ဘာစီလိုနာ နဲ့ ဘာယန်မြူးနစ် နည်းပြဟောင်းကြီးသာ အသင်းက ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင် အစားထိုးဖို့အတွက် မန်စီးတီး ဘက်က အရန်အစီအစဉ်တွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာ ဟာ ရေပန်းစားတဲ့ လျာထားခံရသူတစ်ဦးဖြစ်ပြီး မကြာသေးခင်ကလည်း ဒီရာထူးကိုလက်ခံဖို့ လမ်းဖွင့်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာ က သူ့မှာ ‘စာချုပ်သက်တမ်း တစ်နှစ် ကျန်သေးတယ်’ လို့ ပြောခဲ့ပြီး ဒါဟာ သတင်းစာရှင်းလင်းပွဲရဲ့ နောက်ဆုံးမေးခွန်း ဖြစ်တာကြောင့် မန်စီးတီး နည်းပြဟာ အခန်းထဲကနေ ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း ဂွါဒီယိုလာ က မန်စီးတီး ကို ကိုင်တွယ်ဖို့အတွက် သူ့မှာ ‘အံ့ဩစရာကောင်းတဲ့ စွမ်းအင်တွေ’ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ဖူးပါတယ်၊ “ဒီလို ကောင်းမွန်တဲ့ ဝန်းကျင်မျိုးသာ မရှိရင် အောင်မြင်မှုတွေ ဘယ်လောက်ရရ ကျွန်တော် ဒီမှာ ၁၀ နှစ်ကြာ ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အံ့ဩစရာကောင်းတဲ့ စွမ်းအင်တွေ ရှိနေတုန်းပဲ၊ အားလပ်ရက်တွေမှာတောင် ဒီကို လာအလုပ်လုပ်ရတာ အဆင်ပြေနေတုန်းပါပဲ။
“ကျွန်တော်တို့ အများကြီး နိုင်ခဲ့လို့ ဒီနေရာမှာ ရှိနေတာ အမှန်ပါပဲ၊ အဲ့ဒါကြောင့်လည်း သူတို့ ကျွန်တော့်ကို အလုပ်မထုတ်ဘဲ ဆက်ပြီး ယုံကြည်နေကြတာပေါ့၊ ဒါပေမဲ့ ဒါတင်မကဘဲ အသင်းက တကယ့်ကို ထူးခြားကောင်းမွန်ပါတယ်။ လူတွေကလည်း အသေးစိတ်ကအစ အကုန်လုံးကို ဂရုစိုက်ပေးကြပါတယ်။
“ဒီလို အသေးစိတ် ဂရုစိုက်မှုတွေကြောင့် နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်အလုပ်နဲ့ ကစားသမားတွေဟာ ကိုယ်လုပ်ရမဲ့အရာကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါက လူတွေကို စိတ်ချမ်းသာစေတဲ့ အကာအကွယ်တစ်ခုလိုပါပဲ။ ဒါက ကလပ်အသင်းကြီးတစ်ခု ဖြစ်ပေမဲ့ ဒီမှာတော့ မိသားစုတစ်ခုလိုပါပဲ။
“ကစားသမားတွေ ပွဲမကစားရလို့ စိတ်ပျက်တာမျိုး ရှိနိုင်ပေမဲ့ ဒါက ပုံမှန်ပါပဲ၊ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျန်တဲ့အချက်တွေအတွက်တော့ ဘယ်သူမှ မကျေမနပ် မဖြစ်နိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Source : https://www.mirror.co.uk/




