နောက်ဆုံးကခုန်ခြင်း – ၂၀၂၆ ကမ္ဘာ့ဖလားမှာ နောက်ဆုံးအကြိမ် ဆုံတွေ့ကြဦးမဲ့ လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်ဒို

လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်ဒို

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အရင်ပြိုင်ပွဲတွေနဲ့မတူဘဲ သမိုင်းဝင်ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာပါ။ ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၄၈ အသင်းအထိ တိုးမြှင့်ကျင်းပမှာဖြစ်ပြီး အမေရိကန်ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံသုံးနိုင်ငံမှာ ခွဲဝေကျင်းပမှာဖြစ်လို့ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံးသော ပွဲတော်ကြီးတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်

ဒါပေမဲ့လည်း နှစ်ဆယ်စုနှစ်တစ်ခုနီးပါး ဘောလုံးလောကရဲ့ ထိပ်တန်းမှာ ရပ်တည်ခဲ့ကြတဲ့ ကစားသမားတစ်စုအတွက်တော့ ဒါဟာ လမ်းဆုံးကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဂန္ထဝင်ကစားသမားအမြောက်အမြားဟာ သက်တမ်းရင့်လာပြီဖြစ်လို့ အနားယူကြတော့မှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူတို့အတွက် အကြီးမားဆုံးသော ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်လာမှာပါ

အချို့က ချန်ပီယံအဖြစ်နဲ့ လမ်းခွဲနိုင်မှာဖြစ်သလို အချို့ကတော့ မျှော်လင့်ချက်နဲ့ လွဲချော်ရပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ နိုင်ငံတကာစင်မြင့်ထက်ကနေ ထွက်ခွာသွားတဲ့အခါ ဖြစ်ပေါ်လာမဲ့ ဟာကွက်ကြီးကိုတော့ နောက်ထပ်ပေါ်ထွက်လာမဲ့ လူငယ်ကြယ်ပွင့်တွေအနေနဲ့ ချက်ချင်း အစားထိုးနိုင်ဖို့ မလွယ်ကူပါဘူး

၂၀၂၆ ကမ္ဘာ့ဖလားဟာ သူတို့အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ဝါရင့်ကစားသမားကြီးအချို့ထဲက လက်ရှိ Goat နှစ်ယောက်ကိုပဲ ရွေးချယ်ပြီး ဖော်ပြလိုက်ပါတယ်။

လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

လီယွန်နယ် မက်ဆီကတော့ အခုဆိုရင် အသက် ၃၉ နှစ်ထဲကို ရောက်ရှိတော့မှာဖြစ်ပြီး သတင်းစကားအမျိုးမျိုး ထွက်ပေါ်ခဲ့ပေမဲ့လည်း သူဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားကြီးဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ယူပြီး သူ လွဲချော်နေခဲ့တဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလားဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မက်ဆီဟာ ဥရောပဘောလုံးလောကကနေ ထွက်ခွာခဲ့ပြီး အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ခဲ့ကာ ဖိအားနည်းပြီး ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို ပိုမိုထိန်းသိမ်းလာခဲ့ပါတယ်

သူဟာ သူ့ရဲ့နိုင်ငံအတွက် ဆက်လက်ကစားပေးနေဆဲဖြစ်ပြီး သူ့အသက်အရွယ်နဲ့ မလုပ်နိုင်လောက်တဲ့ ဂိုးသွင်းယူမှုတွေ၊ ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပြနေဆဲ ဖြစ်ပါတယ်အမေရိကန်ရဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်နဲ့ ပိုမိုကျယ်ပြန့်လာမဲ့ ပြိုင်ပွဲပုံစံအသစ်ကို ဒီအာဂျင်တီးနား မှော်ဆရာကြီး ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပေမဲ့လည်း မက်ဆီတစ်ယောက် တိတ်တဆိတ်ပဲ လက်ပြနှုတ်ဆက်သွားလိမ့်မယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်

စီရော်နယ်ဒို (ပေါ်တူဂီ)

အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအနေနဲ့ ဒီနွေရာသီမှာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားသာ ရယူနိုင်ခဲ့ရင် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ချန်ပီယံကစားသမား ဖြစ်လာမှာပါ။ မက်ဆီနဲ့မတူတာကတော့ ရွှေဘောလုံးဆု ၅ ကြိမ်ရ စီရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားဆုကို တစ်ကြိမ်မှ မရဖူးသေးသလို ရှုံးထွက်ဆင့်တွေမှာလည်း ဂိုးတစ်ဂိုးမှ မသွင်းဖူးသေးတာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်းဟာ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂန္ထဝင်ဂုဏ်ပုဒ်နဲ့ ယှဉ်ရင် အားနည်းနေပါသေးတယ်။

ဒီလိုအသက်အရွယ်ကြီးရင့်တဲ့အထိ ထိပ်တန်းအဆင့်မှာ ဆက်လက်ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့လည်း သူကတော့ ဆော်ဒီအာရေဗျက အယ်လ်နာဆာအသင်းအတွက် ဂိုးတွေ တသီတတန်းကြီး သွင်းယူနေဆဲဖြစ်ပြီး လောလောဆယ်အထိတော့ ဘောလုံးလောကကနေ အနားယူဖို့ အစီအစဉ်မရှိသေးကြောင်း ပြောကြားထားဆဲ ဖြစ်ပါတယ်

ပေါ်တူဂီအသင်းမှာ ရာဖေးလ် လီယိုပက်ဒရို နက်တို နဲ့ ဂွန်ကာလို ရာမို့စ်တို့လို နိုင်ငံတကာအဆင့်မှာ နေရာရဖို့ စောင့်ဆိုင်းနေတဲ့ လူငယ်ခြေတက်တွေ အများကြီးရှိနေပေမဲ့လည်း နည်းပြ ရိုဘတ်တို မာတီနက်ဇ်ကတော့ ပေါ်တူဂီနိုင်ငံအတွက် ပထမဆုံးသော ကမ္ဘာ့ဖလားဆုကြီးကို ယူဆောင်ပေးနိုင်ဖို့ စီရော်နယ်ဒိုကိုပဲ အဓိကဗဟိုပြုပြီး အသင်းကို တည်ဆောက်ထားဆဲ ဖြစ်ပါတယ်။

မက်ဆီနည်းတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲမဲ့ စီရော်နယ်ဒိုအတွက်တော့ ဒါဟာ ကမ္ဘာ့အဆင့် အောင်မြင်မှုကြီးကို အရယူဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်လာမှာ သေချာပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *