ရီးရဲလ်မက်ဒရစ်မှာ ဝေဖန်ခံနေရတဲ့ အမ်ဘာပေ ကို ကာကွယ်ပြောဆိုပြီး ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ယုံကြည်

အမ်ဘာပေ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာစင်ဝင်းဂါး ယုံကြည်

အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဒုတိယမြောက် ရာသီကို ရုန်းကန်ဖြတ်သန်းနေရပြီး မတရား ဝေဖန်တိုက်ခိုက်ခံနေရတဲ့ တိုက်စစ်မှူး အမ်ဘာပေ ဘက်ကနေ မတ်တပ်ရပ် ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဒီဂန္ထဝင်နည်းပြကြီးရဲ့အမြင်အရ ပြင်သစ်တိုက်စစ်မှူးဟာ ဘာနေဗျူး ကွင်းမှာ ဓားစာခံအဖြစ် လုပ်ကြံသတ်မှတ်ခံနေရတာဖြစ်ပြီး လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူ့ရဲ့ခြေစွမ်းအမှန်တွေ ပေါက်ကွဲထွက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အာစင်ဝင်းဂါး ဟာ စပိန်မြို့တော်က အမ်ဘာပေ ရဲ့ ဘဝအခြေအနေကို ပွင့်ပွင့်လင်းလင်း သုံးသပ်ပြခဲ့ပြီး ဒီစူပါစတားဟာ အရင်လို အပြစ်အနာအဆာမရှိတဲ့ စက်ယန္တရားကြီး မဟုတ်တော့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် အပြစ်ဖို့စရာ လူတစ်ယောက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲစုံမှာ ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမဲ့လည်း အသင်းရဲ့ ဝတ်လဲခန်းအတွင်း တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အမ်ဘာပေ ဟာ ပြင်းထန်တဲ့ ဝေဖန်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

“မျှော်လင့်ချက်အားလုံးရဲ့ ဗဟိုချက်မှာ ရှိနေတဲ့ လူတစ်ယောက် ရှိပါတယ်၊ သူကတော့ ကီလီယံ အမ်ဘာပေ ပါပဲ။ ကျွန်တော် လောင်းကြေးထပ်ရဲတယ်၊ သူ လာမဲ့ကမ္ဘာ့ဖလားမှာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ပါလိမ့်မယ်။ သူဟာ ဒီရာသီမှာ မတရား ဝေဖန်ခံရတာတွေ ခဏခဏ ရှိခဲ့ပါတယ်။ သူ ရောက်သွားတဲ့ အချိန်မှာ ရီးရဲလ်မက်ဒရစ် က ပုံမှန်အဆင့်ပဲ ရှိတဲ့ အသင်းဖြစ်နေတယ်။ ရီးရဲလ် မှာ ကမ္ဘာ့အဆင့်မီ ကစားသမား သုံးလေးယောက်ပဲ ရှိတော့တာပါ။ အရင်တုန်းကတော့ သူတို့မှာ ဆယ်ယောက်လောက်အထိ ရှိခဲ့တာလေ။ ဘောလုံးလောကရဲ့ သဘာဝက အမြဲတမ်း ဓားစာခံတစ်ယောက် လိုအပ်တတ်စမြဲပါပဲ။ အခုတော့ သူက အဲဒီဓားစာခံ ဖြစ်သွားတာပါ” လို့ အာစင်ဝင်းဂါး က ပြင်သစ်သတင်းစာ Le Figaro ကို ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ဒဏ်ရာပြဿနာအချို့ကြောင့် အမ်ဘာပေ အနေနဲ့ ပွဲတိုင်းမကစားရဘဲ အလှည့်ကျ ပုံစံမျိုး ဖြစ်နေခဲ့တာဟာ သူ့ရဲ့ ကစားဟန်အရှိန်ကို ထိခိုက်စေနိုင်တယ်လို့ အချို့က စိုးရိမ်နေကြပေမဲ့လည်း အာစင်ဝင်းဂါး ကတော့ ဒါဟာ ပြင်သစ်အသင်းအတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အားသာချက်အကြီးကြီး ဖြစ်လာလိမ့်မယ်လို့ မြင်နေပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *