ကိတ်ဗာဒီနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ လာမင်း ယာမားလ် ပါဝင်ကစားနိုင်မဲ့ အခြေအနေရှိနေကြောင်း နည်းပြ လူဝီ ဒီလာဖွန်တေ အတည်ပြု

လာမင်း ယာမားလ် စပိန် ကမ္ဘာ့ဖလားပွဲစဉ်

လာမဲ့တနင်္လာနေ့မှာ ကစားမဲ့ စပိန် အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဖြစ်တဲ့ ကိတ်ဗာဒီ အသင်းနဲ့ပွဲမှာ တိုက်စစ်မှူး လာမင်း ယာမားလ် အနေနဲ့ ပါဝင်ကစားဖို့ အကောင်းဆုံးကြံ့ခိုင်မှု အခြေအနေမှာ ရှိနေတယ်လို့ နည်းပြ လူဝီ ဒီလာဖွန်တေ က ပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် စူပါစတား လာမင်း ယာမားလ် အနေနဲ့ အက်တလန်တာမှာ ကစားမဲ့ပွဲစဉ်ကို ပွဲထွက်လူစာရင်းကနေ စတင်ဖို့ မသေချာသေးပေမဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာ အသင်းရဲ့ ရာသီပိတ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီးနောက် အခုအခါမှာတော့ ပြန်လည်ကစားနိုင်ဖို့ မီးစိမ်းပြပြသခြင်း ခံထားရတာပါ။

“ကျွန်တော်တို့ ဘာစီလိုနာ အသင်းရဲ့ ဆေးအဖွဲ့ညွှန်ကြားချက်တွေအပြင် စပိန် အမျိုးသားအသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြတွေရဲ့ ညွှန်ကြားချက်တွေကိုပါ သေချာလိုက်နာနေပါတယ်။ အားလုံးရဲ့ ပြောကြားချက်အရ လာမင်း ယာမားလ် ဟာ မနက်ဖြန်ပွဲမှာ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်လောက်ကြာကြာ ကစားမလဲဆိုတာတော့ မသိသေးပါဘူး။ ဒါက ပွဲအခြေအနေ ပြောင်းလဲမှုပေါ် မူတည်ပြီး ကွင်းထဲကို ဘယ်အချိန်မှာ ထည့်သွင်းရမလဲဆိုတာ သိရမှာပါ။ ဒါပေမဲ့ သူဟာ မနက်ဖြန်ပွဲကစားဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်” လို့ လူဝီ ဒီလာဖွန်တေ က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လာမင်း ယာမားလ် ဟာ အသက် ၁၇ နှစ်မပြည့်ခင်လေးမှာတင် စပိန် အသင်းကို ၂၀၂၄ ဥရောပဖလား ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဥရောပရဲ့ တောက်ပတက်သစ်စ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရသူပါ။

အမေရိကန် မှာရှိတဲ့ သူ့ရဲ့ရေပန်းစားမှုက ကမ္ဘာ့ဖလားအဖွင့်ရက်တွေမှာတင် သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။

စပိန် အသင်းရဲ့ ကမ္ဘာ့ဖလားပွဲဦးထွက် ကစားမဲ့ မာစီးဒီးဘန့်ဇ် ကွင်းကြီးအပြင်ဘက်မှာ သူ့ရဲ့ပုံနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးကို အထင်ကရ တွေ့မြင်နိုင်ပါတယ်။

တနင်္ဂနွေနေ့ကလည်း စပိန် အသင်း လေ့ကျင့်ရေးဆင်းခဲ့တဲ့ ကင်နီဆောပြည်နယ် တက္ကသိုလ်အပြင်ဘက်မှာ ပရိသတ်တွေ စုရုံးခဲ့ကြပြီး ကလေးငယ်တော်တော်များများက သူ့ရဲ့ အမှတ်သညာဖြစ်တဲ့ ရွှေဝါရောင်ကောက်ကောက် ဆံပင်ပုံစံအတိုင်း လိုက်လံညှပ်ထားကြတာကို တွေ့ရပါတယ်။

တနင်္လာနေ့ပွဲမှာ သူ့ကို မြင်တွေ့ချင်နေတဲ့ ပရိသတ်တွေအနေနဲ့တော့ စိတ်ပျက်ရမှာ မဟုတ်ပါဘူး။

လာမင်း ယာမားလ် ဟာ မိနစ်အနည်းငယ်လောက် ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်တို့ ဆေးအဖွဲ့က သဘောတူထားပါတယ်။ မဟုတ်ရင်တော့ သူ လူစားလဲခုံမှာတောင် ပါလာမှာမဟုတ်ပါဘူး” လို့ လူဝီ ဒီလာဖွန်တေ က ဆိုပါတယ်။

စပိန် အသင်းဟာ ၂၀၁၀ ခုနှစ်တုန်းက ကမ္ဘာ့ဖလား ချန်ပီယံတစ်ကြိမ် ရရှိခဲ့ဖူးပြီး အခုလိုပဲ ဥရောပချန်ပီယံအဖြစ်နဲ့ ပြိုင်ပွဲကို ဝင်ရောက်လာခဲ့တာပါ။

လက်ရှိမှာလည်း သူတို့ဟာ ပြင်သစ် အသင်းနဲ့အတူ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

“ဒါက ဒီနေရာအထိ ရောက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့တာတွေအတွက် အသိအမှတ်ပြုခံရတာပါ။ ကျွန်တော်တို့ နှိမ့်ချမှုရှိပါတယ်။ ဘယ်ပွဲမဆို အနိုင်ရဖို့နဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သိပါတယ်” လို့ လူဝီ ဒီလာဖွန်တေ က ပြောပါတယ်။

ကိတ်ဗာဒီ အသင်းကတော့ သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကစားတာဖြစ်ပြီး ခြေစစ်ပွဲအောင်ခဲ့တဲ့ သမိုင်းတစ်လျှောက် တတိယမြောက် အသေးငယ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ စပိန် အသင်းကို အံ့အားသင့်စရာ ရလဒ်မျိုး လုပ်ပြနိုင်လိမ့်မယ်လို့ မထင်မှတ်ထားကြပါဘူး။

ဒါပေမဲ့ နည်းပြ လူဝီ ဒီလာဖွန်တေ ကတော့ သူ့ရဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ဘက်ကို လျှော့တွက်မဲ့ အန္တရာယ်မျိုး မရှိဘူးလို့ ပြောပါတယ်။

“သူတို့ဟာ ဒီကမ္ဘာ့ဖလားမှာ အံ့အားသင့်စရာတွေ လုပ်ပြနိုင်မဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိတ်ဗာဒီ အသင်းရဲ့ နည်းပြ ပက်ဒရို လေတို ဘရီတို ကလည်း အလားတူ သဘောတူညီခဲ့ပါတယ်။

“ကွင်းထဲမှာ အကြိတ်အနယ်ရှိမဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆန္ဒကတော့ မကြောက်မရွံ့ဘဲ ကစားဖို့ပါပဲ။ အသင်းရဲ့ ပုံစံအကြောင်း ပြောရရင်တော့ ဒါဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ အမှတ်သညာအကြောင်းကို ပြောတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : https://www.foxsports.com/

Leave a Reply

Your email address will not be published. Required fields are marked *