ချဲလ်ဆီး အသင်းဟာ အက်စတွန်ဗီလာ ကစားသမား မော်ဂန် ရော်ဂျာ ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။
ဒီနွေရာသီမှာ အာဆင်နယ် အသင်းက ရော်ဂျာ ကို သူတို့ရဲ့ အဓိကတိုက်စစ်ပစ်မှတ်အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ ဗီလာ ထံ ကမ်းလှမ်းလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာကြောင့် အခု ချဲလ်ဆီး ဆီ ပြောင်းရွှေ့မဲ့ကိစ္စက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ် က အဲ့ဒီလောက်မြင့်မားတဲ့ ဈေးနှုန်းကို မပေးချင်ခဲ့တာကြောင့် ရော်ဂျာ ဟာ လာမဲ့ရာသီမှာ ဗီလာ ဒါမှမဟုတ် အာဆင်နယ် တို့နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရမဲ့အခွင့်အရေးကို စွန့်လွှတ်ပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် လုံးဝမရှိတဲ့ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပါ။
ရော်ဂျာ ဟာ ချဲလ်ဆီး နဲ့ နောက်ထပ် သက်တမ်းတိုးခွင့် ၁ နှစ် အပါအဝင် ၆ နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်ရပါတယ်။ သူဟာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အမေရိက ကနေ ပြန်လာတဲ့အခါ တနင်္လာနေ့မှာ ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။
ရော်ဂျာ ဟာ ဒီနွေရာသီမှာပဲ သူ့ရဲ့ အင်္ဂလန်အသင်းဖော် အီးလီးယော့ အန်ဒါဆန် အတွက် မန်ချက်စတာစီးတီး က ပေါင် ၁၁၆ သန်း ပေးချေခဲ့တဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ဈေးအကြီးဆုံး ဗြိတိန် ကစားသမား ဖြစ်လာတော့မှာပါ။
ဒါ့အပြင် သူဟာ ၂၀၂၃ ခုနှစ်တုန်းက ဘရိုက်တန် ကစားသမား မွိုင်ဆက် ကိုင်စီဒို အတွက် ပေါင် ၁၁၅ သန်း ပေးခဲ့ရတဲ့ ချဲလ်ဆီး ရဲ့ စံချိန်တင် ခေါ်ယူမှုကိုလည်း ကျော်ဖြတ်ပြီး အသင်းရဲ့ဈေးအကြီးဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ၎င်းဟာ ပြီးခဲ့တဲ့ရာသီက ဗီလာ အတွက် ၅၅ ပွဲ ကစားပေးခဲ့ရာမှာ ၁၄ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တုန်းက မစ်ဒယ်ဘရော့ ကနေ ပေါင် ၁၆ သန်းတန်တဲ့ သဘောတူညီမှုနဲ့ ရောက်ရှိလာခဲ့ပြီးကတည်းက ရော်ဂျာ ဟာ လူငယ်ကစားသမားဘဝကနေ လက်ရွေးစင် အင်္ဂလန် အသင်းအတွက် ၂၁ ပွဲအထိ ကစားပေးထားနိုင်တဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် လျင်မြန်စွာ ကူးပြောင်းလာနိုင်ခဲ့တာပါ။
Source : https://www.skysports.com/




