ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးနိမ့်ပြီးထွက်ခဲ့ရတဲ့ အင်္ဂလန်အသင်းရဲ့ပွဲစဉ်မှာ နည်းပြ သောမတ်စ် တူချယ် သုံးစွဲခဲ့တဲ့ “ထူးဆန်းတဲ့” နည်းဗျူဟာတွေအပေါ် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က မေးခွန်းထုတ် ဝေဖန်လိုက်ပါတယ်။
၁ ဂိုးစီ သရေကျပြီးနောက် ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ဟာရီ ကိန်း ကို “ခံစစ်ကစားသမား” တစ်ယောက်လို ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် ဒေါ်နယ် ထရမ့် က သောမတ်စ် တူချယ် ကို ပြစ်တင်ပြောဆိုခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းအစမှာတင် အန်သိုနီ ဂေါ်ဒွန် ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ အလွန်အကျွံ ခံစစ်ပိတ်ဆို့ကစားခဲ့တာကြောင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အက်တလန်တာမှာ နောက်ဆုံးမိနစ် ဒရာမာဆန်ဆန်နဲ့ ပွဲကို အလှည့်အပြောင်းလုပ်ပြီး အနိုင်ယူသွားခဲ့ပါတယ်။
ဘောလုံးဝေဖန်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ သတင်းထောက်တွေကတော့ ခံစစ်လူစားလဲမှုတွေ အများကြီးလုပ်ခဲ့တဲ့ နည်းပြ သောမတ်စ် တူချယ် ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အခုအခါမှာတော့ ဒေါ်နယ် ထရမ့် က ဂျာမန်လူမျိုးနည်းပြရဲ့ ဆုံးဖြတ်ချက်တွေအပေါ် နောက်ဆုံးကန့်ကွက် ဝေဖန်လာသူ ဖြစ်လာခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ကစားမဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်ခင် ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို နဲ့အတူ တွေ့ဆုံစဉ်မှာ ဒေါ်နယ် ထရမ့် က အင်္ဂလန်ရဲ့ ဆီမီးဖိုင်နယ် ရှုံးနိမ့်မှုအပေါ် “ခင်ဗျားတို့ အင်္ဂလန်မှာ ကျွန်တော်နဲ့အတူ ဂေါက်သီးရိုက်လေ့ရှိတဲ့ တကယ့်ကစားသမားကောင်းကြီး တစ်ယောက်ရှိတယ်၊ သူကတော့ တကယ့်ကို ထက်မြက်တဲ့ ဟာရီ ကိန်း ပါပဲ။ သူတို့ သူ့ကို ခံစစ်ကစားသမားတစ်ယောက်လို ကစားခိုင်းလိုက်တာဟာ အမှားတစ်ခုလို့ ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ဘောလုံးအကြောင်း ဘာသိမှာလဲ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “သူတို့ ဂိုးဦးဆောင်နိုင်ခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့အကောင်းဆုံး ကစားသမားကို ခံစစ်မှာ သွားထားလိုက်တယ်။ ကျွန်တော်တို့က တိုက်စစ်နည်းနည်း ဆင်ရမှာမဟုတ်ဘူးလား။ ဒါပေမဲ့ မဟုတ်ပါဘူး၊ ကျွန်တော် အပြစ်တင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ကြည့်ပါဦး၊ ကျွန်တော်က နည်းပြလုပ်တာနဲ့ ပတ်သက်ပြီးဘာသိမှာလဲ၊ ဒါပေမဲ့ ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်” လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
ဒီလိုပြောနေချိန်မှာပဲ ဘေးက ဂျီယန်နီ အင်ဖန်တီနို က ရယ်မောနေခဲ့ပြီး ဒေါ်နယ် ထရမ့် ကတော့ ပခုံးတွန့်ပြကာ သူ့ရဲ့စကားတွေကို သဘောကျပြီး လက်ခုပ်တီးခဲ့ပါတယ်။
စနေနေ့မှာ ပြင်သစ်နဲ့ ကစားမဲ့ တတိယနေရာလုပွဲ မတိုင်ခင် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က နည်းပြ သောမတ်စ် တူချယ် ကို ဒေါ်နယ် ထရမ့် ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ချဲလ်ဆီး နည်းပြဟောင်းက “ခင်ဗျားက ဒီအမှုအတွက် ဒေါ်နယ် ထရမ့် ကို သက်သေအဖြစ် သုံးနေတာလား” လို့ ပြန်လည် တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
Source : https://www.skysports.com/




