ခီလီယန် အမ်ဘာပေ ဟာ နိုင်ကီ နဲ့ လမ်းခွဲပြီးနောက် အားကစားအသုံးအဆောင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ On နဲ့ စာချုပ်ချုပ်ဆို လက်တွဲလိုက်ပါတယ်။
နိုင်ကီ ဟာ အမ်ဘာပေ ငယ်စဉ်ကတည်းက စပွန်ဆာပေးလာခဲ့တာဖြစ်ပြီး ဒီ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟာ သူတို့ရဲ့ Mercurial ဖိနပ်တွေကို အမြဲစီးဆင်ခဲ့ပေမဲ့ အခုအခါမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီးတစ်ခုကို စတင်လိုက်တာပါ။
ပြေးခုန်ပစ်ဖိနပ် ထုတ်လုပ်သူအဖြစ် ၂၀၁၀ မှာ စတင်ခဲ့ပြီး ၂၀၁၉ မှာ တင်းနစ်ဂန္ထဝင် ရော်ဂျာ ဖက်ဒရာ ကို ပူးတွဲပိုင်ရှင်အဖြစ် ခေါ်ယူနိုင်ခဲ့တဲ့ ဆွစ်ဇာလန် အမှတ်တံဆိပ် On ဟာ အခုဆိုရင် ဘောလုံးဈေးကွက်ထဲကို ဝင်ရောက်လာပြီဖြစ်သလို သီယာရီ အွန်နရီ ကိုလည်း သူတို့ရဲ့ ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
သူ့ရဲ့ စပွန်ဆာအသစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သံတမန်ဖြစ်လာမဲ့ အမ်ဘာပေ ဟာ “On ရဲ့ ထုတ်ကုန်ဖန်တီးရေးအဖွဲ့တွေနဲ့ တိုက်ရိုက်လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ On ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမ်ဘာပေ က “အစကတည်းက ကျွန်တော့်ကို On ဆီ စွဲဆောင်ခဲ့တာကတော့ မနက်ဖြန်ရဲ့ ဘောလုံးလောကကို ပုံဖော်ပေးနိုင်မဲ့ အသစ်စက်စက် အရာတစ်ခုကို အတူတူ ဖန်တီးခွင့်ရမဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့ ဖန်တီးမဲ့အရာတွေထဲကို ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို ထည့်သွင်းချင်တယ်၊ ဆန်းသစ်တီထွင်မှုတွေကတစ်ဆင့် ဖြစ်နိုင်ခြေတွေကို တိုးချဲ့ချင်တယ်၊ ပြီးတော့ ဘောလုံးကစားရတဲ့ ပျော်ရွှင်မှုကိုလည်း အမြဲတမ်းစွဲကိုင်ထားချင်ပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ အိပ်မက်တစ်ခုရှိပြီး ဒါဟာ အစပဲ ရှိပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
On ရဲ့ တည်ထောင်သူနဲ့ ပူးတွဲ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဒေးဗစ် အယ်လီမန်း က “ဘောလုံးလောကမှာ အရင်လို ပုံစံတူတွေပဲ ထပ်လုပ်ပြနေမဲ့ အားကစားအမှတ်တံဆိပ် နောက်တစ်ခု မလိုအပ်ပါဘူး။ ဘောလုံးလောကက အိုင်ဒီယာအသစ်တွေနဲ့ ဖြစ်နိုင်ခြေတွေကို စိန်ခေါ်မှုတွေပဲ လိုအပ်နေတာပါ။ ကျွန်တော်တို့ အားကစားတစ်ခုထဲ ဝင်ရောက်တဲ့အခါ စစ်မှန်တဲ့တီထွင်ဆန်းသစ်မှုနဲ့ ခေတ်မီဒီဇိုင်းတွေကတစ်ဆင့် အနာဂတ်ရဲ့ အမှတ်တံဆိပ် ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က On ရဲ့ ပုံစံကို ဘောလုံးကွင်း၊ လမ်းမထက်နဲ့ ဖက်ရှင်စင်မြင့်တွေဆီ သယ်ဆောင်သွားဖို့ဖြစ်ပြီး ထိပ်တန်းစွမ်းဆောင်ရည်နဲ့ ဘောလုံးရဲ့ ယဉ်ကျေးမှုပတ်ဝန်းကျင်ကို ချိတ်ဆက်ပေးဖို့ပါပဲ။ ခီလီယန် နဲ့ဆိုရင်တော့ ကျွန်တော်တို့ ဘောလုံးလောက ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို အတူတူ အိပ်မက်မက်ဖို့ အကောင်းဆုံး လက်တွဲဖော်ကို ရရှိထားတာပါ” လို့ ပြောပါတယ်။
ပြင်သစ်၊ ဘာစီလိုနာ နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ ကလည်း “ဘောလုံးလောကမှာ အသစ်တစ်ခုခုကို တည်ဆောက်ဖို့အတွက် ရဲရင့်ပြီး ထူးခြားတဲ့ချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ On အဖွဲ့သားတွေ ဒီလုပ်ငန်းစဉ်အပေါ် ထားရှိတဲ့ စူးစမ်းလိုစိတ်နဲ့ အသေးစိတ် ဂရုစိုက်မှုတွေကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ အသံကို နားထောင်ချင်တယ်၊ သူတို့ ဘာတွေလိုအပ်လဲဆိုတာ နားလည်ချင်သလို ကစားသမားဘဝအတွက် အမှန်တကယ် အကျိုးပြုနိုင်မယ့် အရာတစ်ခုကို ဖန်တီးပေးချင်ပါတယ်။ နောက်ထပ် ဖြစ်လာမယ့် အရာတွေကို ပုံဖော်ရာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ဆိုခဲ့ပါတယ်။
အမ်ဘာပေ ရဲ့ လူမှုကွန်ရက်ပေါ်က ရေးသားချက်မှာတော့ “Dream On, Football။ ကျွန်တော် အခုထိ ဘောလုံးကစားဖို့ အိပ်မက်မက်နေဆဲပါ။ ဒါက ဘောလုံးကို အသက်မွေးဝမ်းကျောင်းအဖြစ် ကစားနေတဲ့သူတစ်ယောက်ဆီက ကြားရတော့ ခင်ဗျားတို့ အံ့ဩသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပါပဲ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့အတူကစားဖို့ ကျွန်တော် အခုထိ အိပ်မက်မက်နေတုန်းပါပဲ။ နေဝင်ချိန်အထိ၊ ညစာစားချိန်အထိ ကစားခဲ့ကြတာပေါ့။ အသက်မွေးဝမ်းကျောင်း ဖြစ်မလာခင်ကတည်းက ဘောလုံးဟာ ကစားပွဲတစ်ခု သက်သက်ဖြစ်ခဲ့လို့ ကျွန်တော် ကစားခဲ့တာပါ။
“ကျွန်တော် မှတ်မိသလောက် အချိန်ကတည်းက ဒီအိပ်မက်နောက်ကို လိုက်ခဲ့တာပါ။ အခုလည်း ဒီအိပ်မက်ကပဲ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အပြောင်းအလဲတွေထဲက တစ်ခုဆီကို ထပ်မံခေါ်ဆောင်သွားခဲ့ပါပြီ။ အခုဆိုရင် ကျွန်တော့်လိုပဲ အရာတွေကို အတူတူ အိပ်မက်မက်နေတဲ့ တီထွင်ဖန်တီးသူတွေနဲ့ ဝန်းရံထားတာကို ကျွန်တော် တွေ့နေရပါပြီ။
“ခြေထောက်နဲ့ ဘောလုံးကို တတ်နိုင်သမျှ အနီးကပ်ဆုံး ဖြစ်အောင်လုပ်ဖို့၊ လူတွေကို ကစားပွဲနဲ့ တတ်နိုင်သမျှ အနီးကပ်ဆုံး ဖြစ်စေဖို့၊ ကမ္ဘာကြီးကို ကစားပွဲနဲ့ တတ်နိုင်သမျှ အနီးကပ်ဆုံး ဖြစ်လာစေဖို့ပါပဲ။ “ဘယ်တော့မှ မပြောင်းလဲသွားတဲ့ အိပ်မက်တွေရဲ့ သဘောသဘာဝက ဒါပဲ ဖြစ်မယ်ထင်ပါတယ်။ “အဲ့ဒီအိပ်မက်တွေကပဲ အရာရာကို ပြောင်းလဲပစ်လေ့ရှိတာပါ။ Dream On။” လို့ ဖော်ပြထားပါတယ်။
အမ်ဘာပေ ဟာ နိုင်ကီ ကနေထွက်ခွာပြီး စပွန်ဆာသစ် အဒီဒတ်စ် နဲ့ လက်တွဲသွားတဲ့ လာမင်း ယာမားလ် ရဲ့ ခြေလှမ်းအတိုင်း နောက်ကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
Source : https://www.espn.com.sg




