မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ် အသင်းက အက်သလက်တီကို မက်ဒရစ် ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဟိုဆေး မော်ရင်ညို က ဒိုင်လူကြီးနဲ့ VAR စနစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အက်သလက်တီကို အနေနဲ့ “ရှင်းလင်းတဲ့ အနီကတ် နှစ်ကြိမ်” ပြသခံရသင့်တာဖြစ်ပြီး ကွင်းလယ်ဒိုင်ဟာလည်း “ဖိအားကို မထိန်းချုပ်နိုင်ခဲ့ဘူး” လို့ သူက ပြောဆိုသွားခဲ့ပါတယ်။
မက်ထရိုပိုလီတာနို ကွင်းမှာကစားခဲ့တဲ့ ဒုတိယပိုင်းပွဲစဉ်မှာတော့ နောက်ခံလူ ဒင်း ဟူအီဆန် က ဂျူလီယာနို ဆီမြွန်နီ ကို ဆွဲလှဲချခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရရှိလာတဲ့ပင်နယ်တီကနေ အလက်ဟန်ဒရို ဂရီမယ်လ်ဒို က အက်သလက်တီကို အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဂျိုနသန် ဒေးဗစ် က ဒုတိယဂိုးထပ်သွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ အန်တိုနီယို ရူဒီဂါ က ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့လည်း ရီးရဲလ် မက်ဒရစ် ဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာအထိ ဆင်းပေးခဲ့ရပါတယ်။
ဒါပေမဲ့လည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဟိုဆေး မော်ရင်ညို ဟာ ပထမပိုင်းက အငြင်းပွားဖွယ်အဖြစ်အပျက် နှစ်ခုကိုသာ အဓိကထား အာရုံစိုက်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေကတော့ ဂျုဒ် ဘယ်လင်ဟမ် ရဲ့ ဒူးကို တက်နင်းခဲ့တဲ့ အက်သလက်တီကို ကစားသမား ခရစ္စတီယန် ရိုမဲရိုး ကို အနီကတ်မပြဘဲ အဝါကတ်ပဲ ပြသခဲ့တာနဲ့ ဗယ်ဗာဒီ အပေါ် ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခဲ့တဲ့ လီကန်အင်း ဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရသွားခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဟိုဆေး မော်ရင်ညို ဟာ သတင်းထောက်တွေကို ပြသဖို့အတွက် အဲ့ဒီအဖြစ်အပျက် နှစ်ခုရဲ့ ဓာတ်ပုံတွေကို သတင်းစာရှင်းလင်းပွဲခန်းမထဲအထိ ယူဆောင်လာခဲ့ပြီး ကွင်းလယ်ဒိုင် မီဂွဲလ် အိန်ဂျယ် အော်တစ်ဇ် အရီယက်စ် နဲ့ VAR ဒိုင် ဒန်နီရယ် ထရူဟီယို ဆွာရက်ဇ် တို့အပေါ် ရှည်လျားစွာနဲ့ ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင် ပြောကြားခဲ့ပါတယ်။
“ဒီပွဲရဲ့ ဇာတ်လမ်းက ဒီမှာတင် အကုန်ပါပဲ” လို့ ဖျက်ထုတ်မှု ဓာတ်ပုံတွေကိုမြှောက်ပြရင်း ဟိုဆေး မော်ရင်ညို က ပြောပါတယ်။
“ဒါတွေဟာ ရှင်းလင်းပြတ်သားတဲ့ အနီကတ် နှစ်ကြိမ် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ကျွန်တော်တို့ ၁၀ ယောက် ၁၁ ယောက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ကြည့်ရင်၊ အကယ်၍ မိနစ် ၅၀ လောက်ကို ကိုးယောက်နဲ့ ဆယ့်တစ်ယောက် ကစားခဲ့ရမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ ခင်ဗျားတို့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။”
“ဒါဟာ CTA (ဒိုင်လူကြီးကော်မတီ) ရဲ့ လုပ်ရပ်ပါပဲ။ ဖြစ်ပျက်သမျှ အရာအားလုံးက အရမ်းကို ထူးဆန်းနေခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ကွင်းလယ်ဒိုင် [အော်တစ်ဇ် အရီယက်စ်] ဟာ နိုင်ငံတကာ အတွေ့အကြုံတောင် မရှိပါဘူး။ သူ့ကို ဘာဖြစ်လို့ ဒီပွဲမှာ ဒိုင်အဖြစ် တာဝန်ပေးခဲ့လဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ သနားစရာကောင်းတဲ့ဒီလူဟာ ဒီကိုရောက်လာပြီး ဖိအားကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။”
“ဒါပေမဲ့ [VAR ဒိုင်] အတွက်တော့ ဖိအားမရှိပါဘူး။ [RFEF ရုံးချုပ်] လာ့စ် ရိုဆပ်စ် မှာ ဖိအားဆိုတာ မရှိပါဘူး။ ဒါမှမဟုတ် ဖိအားတွေ ရှိနေပေမဲ့ ကျွန်တော်တို့ မသိတာလည်း ဖြစ်နိုင်တာပေါ့။ ပွဲငယ်လေးတွေလောက်ပဲ ကိုင်တွယ်ဖူးတဲ့ သနားစရာ ဒိုင်လူကြီးတစ်ယောက်နဲ့ နာမည်ဆိုးနဲ့ သမိုင်းကြောင်းရှိတဲ့ VAR ဒိုင်တို့ရဲ့ ပေါင်းစပ်မှုကြီးပါပဲ။ CTA ကို ဂုဏ်ပြုပါတယ်လို့ပဲ ပြောရမှာပါပဲ။”
Source : https://www.espn.com.sg/




