မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြ မိုက်ကယ် ကာရစ် အခက်တွေ့နေရတာဟာ အသင်းဘုတ်အဖွဲ့က သူ့ကို မဖြစ်နိုင်တဲ့တာဝန်တစ်ခု ပေးအပ်ထားလို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက နည်းပြ ရူဘင် အာမိုရင် ရဲ့ ဆိုးရွားတဲ့ ၁၄ လတာကာလအပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကယ်တင်ပေးနိုင်ခဲ့လို့ ကာရစ် ဟာ ၂ နှစ်စာချုပ်အပြင် သက်တမ်း ၁ နှစ်တိုးခွင့်ပါ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ သူလိုချင်တဲ့ အဓိကပစ်မှတ်ကစားသမားတွေကို ခေါ်ယူမပေးနိုင်ခဲ့သလို အသင်းရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းမပေးဘဲ လက်တစ်ဖက်ကြိုးတုပ်ခံထားရတဲ့ အခြေအနေမျိုးနဲ့ပဲ တာဝန်ထမ်းဆောင်ခိုင်းနေတာပါ။
ဒါဟာ ဂလေဇာ မိသားစုနဲ့ အစုရှယ်ယာရှင် ဂျင်မ် ရက်ကလစ်ဖ် တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အမှားများစွာ ကြုံတွေ့နေရတဲ့ ခေတ်သစ် မန်ချက်စတာ ယူနိုက်တက် ရဲ့ အရှိတရားတစ်ခုပါပဲ။
အိုးထရက်ဖို့ဒ် မှာ ၁၂ နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ဆုဖလားတိုင်းကို ဆွတ်ခူးခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ကာရစ် ဟာ ဆာ အဲလက်စ် ဖာဂူဆန် လက်ထက် အောင်မြင်မှုတွေကို တွေ့ကြုံခဲ့သလို ဒေးဗစ် မိုယက်စ်၊ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ညို တို့လက်ထက် အသင်းရဲ့ကျဆင်းမှုတွေကိုလည်း ကိုယ်တိုင် မျက်မြင်ကြုံခဲ့ရသူပါ။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရစ် ဟာ အတွေ့အကြုံရှိပေမဲ့ အရင်နည်းပြတွေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေဆိုးကြီးကို လက်ခံရယူထားရတာ ရှင်းနေပါတယ်။ တနင်္ဂနွေနေ့က ဖူလ်ဟမ် နဲ့ပွဲမှာ မားသီးယပ်စ် ကွန်ညာ ရဲ့ ၈၉ မိနစ်ချေပဂိုးကြောင့် ၁-၁ သရေကျခဲ့ပြီး ၅ ပွဲကစား ၅ မှတ်သာ ရရှိထားလို့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး ရာသီအစကို ကြုံတွေ့နေရသလို ကာရစ် အပေါ်မှာလည်း ဖိအားတွေ ပိုများလာနေပါတယ်။
မစ်ဒယ်ဘရော့ နဲ့အတူ ချန်ပီယံရှစ်မှာ ၃ နှစ်လောက်ပဲ နည်းပြအတွေ့အကြုံရှိတဲ့ ကာရစ် အနေနဲ့ ဒီလိုခက်ခဲတဲ့ ရာထူးအတွက် အရည်အချင်း မပြည့်မီသေးဘူးလို့ထင်ရပေမဲ့ ပြီးခဲ့တဲ့ရာသီက အသင်းကို အဆင့် ၃ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ဒါပေမဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့အားနည်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် အောင်မြင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ လူစာရင်းကိုပဲ လက်ခံထားရပါတယ်။
ကတ်စီမီရို က အင်တာမိုင်ယာမီ ကို အလွတ်နဲ့ထွက်ခွာသွားပြီး ဒဏ်ရာရနေတဲ့ မန်နျူရယ်လ် အူဂါတီ ကလည်း အသင်းအတွက် ခြေစွမ်းမပြနိုင်တာကြောင့် ကာရစ် ရဲ့ ကွင်းလယ်ပစ်မှတ်တွေဖြစ်တဲ့ အီလီယော့ အန်ဒါဆန် နဲ့ မားသီးယပ်စ် ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ အန်ဒါဆန် က မန်ချက်စတာ စီးတီး ကို ပေါင် ၁၁၆ သန်းနဲ့ ရောက်သွားသလို ဖာနန်ဒက်စ် ကလည်း စပါး အသင်းဆီ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဆန်ဒရို တိုနာလီ နဲ့ ဘရူနို ဂီမာရေ့စ် တို့ကိုလည်း ကမ်းလှမ်းဖို့ စဉ်းစားခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးကြီးမြင့်လို့ လက်လျှော့ခဲ့ရပြီး သူတို့နှစ်ဦးဟာ စပါး နဲ့ အာဆင်နယ် အသင်းတွေဆီ ရောက်သွားခဲ့ပါတယ်။
အစားထိုးအနေနဲ့ အက်စတွန် ဗီလာ က ယူရီ တီလီမန်းစ် ကို ပေါင် ၃၅ သန်း၊ ချယ်လ်ဆီး က အန်ဒရီ ဆန်းတို့စ် ကို ပေါင် ၄၈ သန်းနဲ့ ဘရိုက်တန် က ကာလို့စ် ဘာလီဘာ ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပေမဲ့ ဘာလီဘာ က ခြေကျင်းဝတ်ဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။ ဘယ်နောက်ခံလူနေရာအတွက်လည်း အသက် ၃၁ နှစ်အရွယ် လုခ်ရှော နေရာမှာ အစားထိုးဖို့ မခေါ်ယူနိုင်ခဲ့ပါဘူး။
စုစုပေါင်း ပေါင်သန်း ၁၅၀ သာ သုံးစွဲခဲ့တာကြောင့် စပါး၊ ချယ်လ်ဆီး နဲ့ မန်ချက်စတာ စီးတီး တို့ အပြင် တန်းတက်လာတဲ့ အစ်ဆွစ်ချ် နဲ့ ဟားလ်စီးတီး တို့လောက်တောင် သုံးစွဲမှု မရှိခဲ့ပါဘူး။
ဂျင်မ် ရက်ကလစ်ဖ် ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဟာ အသင်းရဲ့ဘဏ္ဍာရေးကို တည်ငြိမ်အောင် ထိန်းညှိဖို့ ကြိုးစားနေတာလို့ ပြောဆိုနေပေမဲ့ ကစားသမားဟောင်းတွေကို လုပ်ခလစာ အမြောက်အမြားပေးခဲ့ရတဲ့ အကျိုးဆက်တွေကို အခုထိ ခံစားနေရဆဲပါ။
Source : https://www.espn.com.sg/




