ဂျာမနီနိုင်ငံ၊ ဟာဇိုဂန်နော်ရက်ချ် — နည်းပြသစ် ယာဂန် ကလော့ပ် ဟာ ဂျာမနီလက်ရွေးစင်အသင်းကို ပထမဆုံးအကြိမ် တရားဝင် စတင်မကိုင်တွယ်ရသေးခင်မှာတင် ကစားသမားတွေအပေါ် သိသိသာသာ လွှမ်းမိုးမှုတွေ စတင်ရှိနေပါပြီ။
လီဗာပူး နည်းပြဟောင်းဟာ ကမ္ဘာ့ဖလားမှာ စိတ်ပျက်စရာကောင်းခဲ့တဲ့ ဂျာမနီ အသင်းကို အပြောင်းအလဲကြီး ပြန်လည်စတင်နိုင်ဖို့အတွက် လာမဲ့နေးရှင်းလိဂ် ပထမ ၄ ပွဲအတွက် လူစာရင်းကို ၄၄ ယောက်အထိ တိုးမြှင့်ရွေးချယ်ခဲ့ပြီး ပွဲထွက်ခွင့် လုံးဝမရဖူးသေးတဲ့ လူသစ် ၁၆ ယောက်အထိ ခေါ်ယူခဲ့ပါတယ်။
လူသစ်တချို့ကတော့ ကလော့ပ် လို နည်းပြမျိုး ရောက်လာတာဟာ သူတို့အတွက် ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေတယ်လို့ ဖွင့်ဟလာကြပါတယ်။
လူငယ်ဘဝတုန်းက မော်ရိုကို အသင်းအတွက် ကိုယ်စားပြု ကစားပေးခဲ့ဖူးပေမဲ့ အခုအခါ သူ မွေးဖွားရာ ဂျာမနီ ကို ရွေးချယ်ဖြစ်အောင် ကလော့ပ် က စည်းရုံးသိမ်းသွင်းပေးနိုင်ခဲ့တယ်လို့ တိုက်စစ်မှူး ယူနက်စ် အက်ဘ်နိုတာလစ်ဘ် က ဆိုပါတယ်။
“ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ မော်ရိုကို ဘက်ကလည်း ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ယာဂန် နဲ့ ပြောခဲ့သလောက် မပြင်းထန်ခဲ့ပါဘူး။ ကျွန်တော် အရမ်းဂုဏ်ယူတာ အမှန်ပါပဲ။ ပြောရရင် သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်လေဗျာ။ သူသာ ခေါ်လာခဲ့ရင် ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး” လို့ အိုင်းထရက် ဖရန့်ဖတ် တိုက်စစ်မှူးက အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ဂျာမနီ လေ့ကျင့်ရေးစခန်းမှာ ဖွင့်ဟသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် နိုင်ငံအသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့်ရဖို့ အခြေအနေကောင်းနေတဲ့ ဖရိုင်းဘတ် ကစားသမား ၄ ယောက်ထဲမှာ နောက်ခံလူ ဖိလစ် ထရူး လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
သူတို့အနေနဲ့ ကြာသပတေးနေ့မှာ နယ်သာလန်၊ တနင်္ဂနွေနေ့မှာ ဂရိ တို့နဲ့ ကစားမဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ အခွင့်အရေး ရလာနိုင်ဖွယ် ရှိနေပါတယ်။
“ဒါက တကယ်ကို မိုက်တဲ့ ခံစားချက်ပါပဲ။ ‘ငါ အခု ယာဂန် ကလော့ပ် လက်အောက်မှာ လေ့ကျင့်ခွင့်ရနေပြီ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေရတဲ့ အထိပါပဲ။ ဒါကြောင့်လည်း ကွင်းထဲမှာ သူနဲ့အတူတူ ရှိနေမဲ့အချိန်ကို အရမ်းမျှော်လင့်နေသလို အရာအားလုံးကို စိတ်ရောကိုယ်ပါ စုပ်ယူလေ့လာပြီး ကျွန်တော့်ရဲ့ အစွမ်းကုန်ကို ပေးဆပ်သွားမှာပါ” လို့ ထရူး က ပြောပါတယ်။
ကလော့ပ် ဟာ အသင်းကို လူစာရင်း နှစ်သုတ်ခွဲပြီး လှည့်ပတ်အသုံးပြုမဲ့ ထူးခြားတဲ့ ပုံစံသစ်ကို စမ်းသပ်နေတာဖြစ်ပြီး ဒုတိယအသုတ် လူစာရင်းကိုတော့ အောက်တိုဘာ ၁ ရက်မှာ ဆားဘီးယား၊ အောက်တိုဘာ ၄ ရက်မှာ ဂရိ တို့နဲ့ ကစားမဲ့ ပွဲတွေမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထရူး နဲ့အတူ ဖရိုင်းဘတ် အသင်းဖော် နောက်ခံလူ မက်စ် ရိုဆန်ဖဲလ်ဒါ ကလည်း ကလော့ပ် နဲ့ တွေ့တွေ့ချင်းမှာတင် နားလည်မှု အချိတ်အဆက် ချက်ချင်း ရရှိခဲ့တယ်လို့ ပြောပါတယ်။
“သူက တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူဟာ လူတွေနဲ့ သိပ်ပြီး အချိတ်အဆက်မိအောင်၊ စိတ်ပါလက်ပါ ပူးပေါင်းလာအောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူပါ” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ဂျာမနီ အသင်းနည်းပြအဖြစ် ပထမဆုံး ပွဲစဉ်တွေအတွက် ဘာကြောင့် ကစားသမား အင်အားအများကြီးကို ခေါ်ယူခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ကလော့ပ် က ရှင်းပြခဲ့ပါတယ်။
“ကျွန်တော် ကစားသမား တတ်နိုင်သမျှ များများနဲ့ ရင်းနှီးကျွမ်းဝင်ချင်လို့ပါ။ အသင်းမှာ အေ သို့မဟုတ် ဘီ ဆိုပြီး အသင်းကြီး၊ အသင်းငယ် ခွဲခြားမထားပါဘူး။ ဒီလူစာရင်းကို ကွင်းတွင်းလိုအပ်ချက်တွေအပြင် စိတ်ဓာတ်ပိုင်းနဲ့ အတွေ့အကြုံပိုင်းတွေအပေါ်မှာပါ အကျိုးရှိရှိ အသုံးချနိုင်မဲ့ နည်းလမ်းနဲ့ စနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်” လို့ ကလော့ပ် က ကြာသပတေးနေ့မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Source : https://www.espn.com.sg




