၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကသာ ဂျင် ရတ်ကလစ်ဖ် အသင်းကို ကိုင်တွယ်ခဲ့ရင် မန်ယူ ကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူးလို့ အဲရစ် ကန်တိုနာ ပြောကြား
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး အဲရစ် ကန်တိုနာ က အခုလက်ရှိ ပူးတွဲပိုင်ရှင် ဆာ ဂျင် ရတ်ကလစ်ဖ် သာ အသင်းကို အုပ်ချုပ်နေခဲ့မယ်ဆိုရင် သူ မန်ယူ ဆီကို လုံးဝ ပြောင်းရွှေ့လာမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ရတ်ကလစ်ဖ် ဟာ ဒီတစ်ပတ် BBC နဲ့ အင်တာဗျူးမှာ “ဘယ်သူကမှ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ပြဿနာကို ပြတ်ပြတ်သားသား မကိုင်တွယ်ရဲကြလို့” ဆိုပြီး ယူနိုက်တက်ကင်းဒမ်း နိုင်ငံ အခြေအနေတွေ ကျဆင်းလာနေရတာပါလို့ ပြောခဲ့ပြီးနောက် အငြင်းပွားဖွယ်ရာတွေ ပိုများလာခဲ့ပါတယ်။
ပြင်သစ် တိုက်စစ်မှူးဟောင်း ကန်တိုနာ ဟာ အရင်တုန်းကတော့ ရတ်ကလစ်ဖ် အကြိုက်ဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမားအဖြစ် ချီးကျူးခံခဲ့ရဖူးသူပါ။
ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်တဲ့ ပိထ် ဘွိုင်းလ် က သူ့ရဲ့ TikTok ချန်နယ်မှာ ရတ်ကလစ်ဖ် အုပ်ချုပ်နေတဲ့ လက်ထက်ဆိုရင် အသင်းအတွက် စာချုပ်ချုပ်ဖြစ်မလားလို့ ကန်တိုနာ ကို မေးမြန်းခဲ့တဲ့အခါ သူက
“မချုပ်ပါဘူး၊ လုံးဝ မချုပ်ဖြစ်ပါဘူး။ ဒီလို နိုင်ငံရေးအမြင်မျိုးနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာတွေးထားလဲဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ။ ပြီးတော့ အသင်းရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီးတော့ ဒီလိုစကားမျိုး ပြောထွက်တာကို ကျွန်တော် တကယ် နားမလည်နိုင်ပါဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း
“ဘောလုံးဆိုတာ လူကြိုက်အရမ်းများတဲ့ အားကစားနည်းတစ်ခုပါ။ ဘောလုံးလောကကို တည်ဆောက်ထားတာ၊ အကောင်းဆုံး ကစားသမားတွေ ဖြစ်လာကြတာတွေဟာ အသုတ်လိုက် ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေဆီကနေ လာတာပါ။ နေရာတိုင်းမှာပါ၊ ပြင်သစ် မှာရော၊ အင်္ဂလန် မှာရော၊ နေရာတိုင်းမှာ ဒီလိုပါပဲ။ ဥပမာပြောရရင် ပြင်သစ် မှာဆိုရင် အကောင်းဆုံး ကစားသမားတွေအားလုံးဟာ ရွှေ့ပြောင်းအခြေချလာတဲ့ အနွယ်တွေဆီကနေပဲ ပေါ်ထွက်လာကြတာပါ” လို့ သူက ထောက်ပြသွားပါတယ်။
ကန်တိုနာ ဟာ ၁၉၉၂ ခုနှစ်တုန်းက ခါးသီးတဲ့ပြိုင်ဘက် လိဒ်စ် အသင်းဆီကနေ အိုးထရက်ဖို့ဒ် ကို ရောက်ရှိလာခဲ့ပြီး ငါးရာသီအတွင်းမှာတင် အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု ၄ ကြိမ် ရယူနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
Source : https://www.espn.com.sg/




