လာမဲ့အပတ်ထဲ ကစားမဲ့ မန်ချက်စတာစီးတီး နဲ့ ပီအက်စ်ဂျီ တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပက် ဂွါဒီယိုလာ လာရောက်ကြည့်ရှုဖွယ် ရှိနေပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ဘက်က စွဲချက်တင်ထားတဲ့ အမှု ၁၁၅ မှုထဲကအများစုမှာ မန်စီးတီး အသင်း ပြစ်ဒဏ်ကျူးလွန်ကြောင်း ဆုံးဖြတ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကစားရမဲ့ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်ပါတယ်။
ဒါဟာ စပိန်လူမျိုး နည်းပြကြီးအနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ ဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူခဲ့တဲ့ နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း အက်တီဟတ် ကွင်းဆီ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတာ ဖြစ်လာမှာပါ။
ဒီလအစောပိုင်းတုန်းက သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ခုက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအထိ ပရီးမီးယားလိဂ် ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွဲချက်အားလုံးမှာ အသင်းမှာအပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ဘက်ကတော့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ ဆက်လက်ငြင်းဆိုထားပြီး အတုအယောင် စာချုပ်တွေကနေတစ်ဆင့် စပွန်ဆာဝင်ငွေ ပေါင် ၈၃၀ သန်း မတန်တဆဖောင်းပွပြသခဲ့တယ်ဆိုတဲ့ ပရီးမီးယားလိဂ် ရဲ့ အစီရင်ခံစာ တွေ့ရှိချက်တွေကို ပြန်လည်အယူခံဝင်ထားပါတယ်။
ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်မှာတော့ အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာ ဟာ မန်စီးတီး အသင်းပိုင်ရှင်တွေနဲ့ စီမံခန့်ခွဲသူတွေဘက်က ရပ်တည်ပေးခဲ့သလို အသင်းရဲ့နောက်မှာ အမြဲတမ်းရှိနေမယ်လို့ ဆိုခဲ့ပါတယ်။
“ကမ္ဘာတစ်ဝန်းက မန်ချက်စတာစီးတီး ပရိသတ်တိုင်းကို ကျွန်တော် ဒီမှာ အရင်ကထက်ပိုရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်ဟာ အမြဲတမ်းရှိခဲ့တယ်၊ အမြဲတမ်းလည်း ကျွန်တော့်အသင်း၊ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ၊ ဖာရန် ဆိုရီယာနို၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အန်ဇို မာရက်စ်ကာ နဲ့ ပြိုင်ဘက်ကင်းတဲ့ ပရိသတ်တွေရဲ့နောက်မှာ ဆက်ရှိနေဦးမှာပါ။ ရှင်းရှင်းလင်းလင်း ပြောရရင် ကျွန်တော်တို့ ဒါကို အတူတူ ဖြတ်ကျော်ကြမှာပါ၊ အားလုံးကို ချစ်ပါတယ်” လို့ သူက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
မန်စီးတီး ဟာ ၃ ပတ်ကြာ နိုင်ငံတကာရက်သတ္တပတ် အနားပေးပြီးနောက် တနင်္ဂနွေနေ့မှာ ပြင်းထန်တဲ့ ပွဲကြီးပွဲကောင်းဖြစ်လာမဲ့ အန်ဖီးလ် ကွင်းဆီ သွားရောက်ပြီး လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၄) မှာတော့ အန်ဇို မာရက်စ်ကာ ရဲ့ အသင်းဟာ လက်ရှိချန်ပီယံလိဂ်ဖလားရှင် ပီအက်စ်ဂျီ ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဂွါဒီယိုလာ က အက်တီဟတ် ပွဲကြည့်စင်ပေါ်ကနေ လာရောက်အားပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာ ဟာ မန်စီးတီး ကို ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့စဉ်အတွင်း ၂၀၂၀-၂၁ ကနေ စံချိန်တင် ၄ ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့တာ အပါအဝင် ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ လိဂ်ဖလား ၅ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
အသင်းကနေ မထွက်ခွာခင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန်စီးတီး အပေါ် စွဲချက်တင်ထားမှုတွေနဲ့ ပတ်သက်ပြီး အသင်းသာ တန်းဆင်းသွားရရင်တောင် သူဒီမှာ ဆက်ရှိနေမယ်လို့ ဂွါဒီယိုလာ က ပြောကြားခဲ့ဖူးပါတယ်။
Source : https://www.bbc.com/




