ပေါ်တူဂီ နည်းပြ ဂျော့ချ် ဂျေဆုစ် က ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးလိုက်ပါတယ်။
စက်တင်ဘာ ၂၇ ရက်က ကစားခဲ့တဲ့ နေရှင်နယ်လိဂ် ပွဲစဉ်မှာ ပေါ်တူဂီ အသင်းက အဝေးကွင်းမှာ နော်ဝေ ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပေမဲ့ အဲ့ဒီပွဲမှာ ရော်နယ်ဒို ဟာ အသုံးမပြုတဲ့ အရန်ကစားသမားအဖြစ်သာ ထိုင်ခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။
ပေါ်တူဂီ အတွက် ၂၃၄ ပွဲ ကစားပြီး စံချိန်တင် ၁၄၆ ဂိုး သွင်းယူထားတဲ့ အယ်လ်နာဆာ တိုက်စစ်မှူးဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ ဒီအငြင်းပွားမှုနဲ့ ပတ်သက်လို့ အချိန်တန်ရင် အမှန်တရားကို ဖွင့်ဟပြောဆိုသွားမယ်လို့ ကတိပြုထားပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ နော်ဝေ ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဂျေဆုစ် က “သူသာ ပြန်လာချင်ရင် လက်ရွေးစင်အသင်းဆီ ပြန်လာမှာပါ။ နောက်တစ်ကြိမ် လူစာရင်းမခေါ်ခင်မှာ ကျွန်တော်တို့ စကားပြောနိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရမှာကတော့ ခရစ္စတီယာနို ကိုယ်တိုင်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
“ပထမဆုံးအကြိမ် လူစာရင်းခေါ်တုန်းကလည်း ‘မင်းကို ငါ လိုအပ်တယ်၊ မင်း ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ငါ့အနီးအနားမှာ ရှိနေဖို့ လိုအပ်တယ်၊ မင်းကို ငါ လိုအပ်တယ်’ လို့ ပြောခဲ့ပါတယ်။ အခုလည်း အဲ့ဒီစကားအတိုင်းပဲ ထပ်ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပတ်ဒရို ပရိုအန်ဆာ ကလည်း
“ကျွန်တော်တို့ ပြောနေတာက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ယောက်အကြောင်းပါ၊ ပေါ်တူဂီ ဘောလုံးလောကအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ ပေးဆပ်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ သူသာ နည်းစနစ်ပိုင်းအရ ကစားဖို့ အဆင်သင့်ဖြစ်နေမယ်ဆိုရင် အမြဲတမ်း ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပါ။ ခရစ္စတီယာနို လည်း ဒါကို သိပါတယ်။ ဒီသဘောထားကို သူ နားလည်ပါတယ်။ ဖြစ်ပျက်ခဲ့တာက အတွင်းပိုင်းမှာ ပြေလည်အောင် ဖြေရှင်းရမဲ့ နားလည်မှုလွဲမှားမှုတစ်ခုပါပဲ” လို့ ဆိုပါတယ်။
ပရိုအန်ဆာ က ဆက်လက်ပြီး
“ရော်နယ်ဒို ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြယုဂ်တစ်ခုပါ။ သူဟာ ပေါ်တူဂီ ရဲ့ အမှတ်အသားဖြစ်သလို၊ ကမ္ဘာ့ဖလားအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်နိုင်ပေမဲ့ လက်ရွေးစင်အသင်းအပေါ် ချစ်တဲ့စိတ်ကြောင့် ဒီလိုမလုပ်ခဲ့တဲ့ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရော်နယ်ဒို ဟာ နေရှင်နယ်လိဂ် အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဝေးလ်စ် ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခဲ့ပေမဲ့ အသက် ၄၁ နှစ်အရွယ် ကစားသမားကို အော်စလို မြို့ကွင်းမှာ အသုံးမပြုတဲ့ အရန်ကစားသမားအဖြစ်သာ ထားရှိဖို့ ဂျေဆုစ် ရဲ့ ဆုံးဖြတ်ချက်က လူသိရှင်ကြား ပြဿနာဖြစ်ပေါ်စေခဲ့ပါတယ်။
ရက်အနည်းငယ်အကြာမှာ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပတ်ဒရို ပရိုအန်ဆာ မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပြီးနောက် နည်းပြ ဂျေဆုစ် က အသင်းတွင်း အငြင်းပွားမှုတွေ ဒါမှမဟုတ် အကျပ်အတည်းဆွေးနွေးပွဲတွေရှိတယ်ဆိုတဲ့ သတင်းတွေကို လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့လည်း ရော်နယ်ဒို ဟာ စံချိန်တင်ခဲ့တဲ့ သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်သွားစေနိုင်မဲ့ ပေါ်တူဂီ အသင်းကနေ ထွက်ခွာခဲ့ကြောင်းကို Instagram မှာ ထုတ်ပြန်အတည်ပြုခဲ့ပါတယ်။
“လက်ရွေးစင်အသင်းရဲ့ သတင်းစာရှင်းလင်းပွဲအပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ စကားပြောဆိုပြီးနောက်မှာတော့ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်းအစွမ်းကုန်ပေးဆပ်ခဲ့တဲ့ လက်ရွေးစင်အသင်းကနေ ဘာကြောင့်ထွက်ခွာခဲ့ရလဲဆိုတဲ့ အကြောင်းရင်းမှန်ကို အချိန်တန်ရင် ပေါ်တူဂီ ပြည်သူအားလုံးကို ကျွန်တော် ဖွင့်ဟပြောပြသွားမှာပါ။ အခုအချိန်မှာတော့ ပေါ်တူဂီ အသင်းနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်အားလုံးကို ခြွင်းချက်မရှိ ကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” လို့ ရော်နယ်ဒို က Instagram မှာ ရေးသားခဲ့ပါတယ်။
နည်းပြ ဂျေဆုစ် ရဲ့ ပေါ်တူဂီ အသင်းဟာ အဝေးကွင်းမှာ ဒိန်းမတ် ကို ၄-၂ နဲ့ အနိုင်ရရှိအောင် ပြန်လည်တုံ့ပြန်ပြခဲ့ပြီးနောက် အိမ်ကွင်းမှာ နော်ဝေ ကို အနိုင်ယူကာ နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်ကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို အုပ်စု ၄ မှာလည်း ၁၂ မှတ် အပြည့်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။
Source : https://www.espn.com.sg/




