ရော်နယ်ဒို မပါဝင်နိုင်ချိန်မှာ ပေါ်တူဂီ အသင်းကို အနိုင်ဂိုးနဲ့ ကယ်တင်ပေးခဲ့တဲ့ ဂွန်ကာလို ရာမို့စ်

ဂွန်ကာလို ရာမို့စ် ပေါ်တူဂီ

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီ အသင်းဟာ နော်ဝေ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု A4 မှာ ၄ ပွဲကစား ၄ ပွဲစလုံး အနိုင်ရလဒ်နဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂွန်ကာလို ရာမို့စ် ရဲ့ စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေအနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို မေ့ပျောက်ထားနိုင်ခဲ့ကြပါတယ်။

ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်းက ဝေးလ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ နေရှင်းလိဂ် အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး အဲဒီပွဲမှာ သူ့နေရာကို ရာမို့စ် နဲ့ လူစားလဲခဲ့ရပြီးနောက်ပိုင်း ပြန်လည်ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

ဒီဝါရင့်တိုက်စစ်မှူးဟာ နော်ဝေ အသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်ကို အရန်ခုံကနေ ကြည့်ရှုခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီ အသင်းကတော့ သူ့မပါဝင်နိုင်မှုအပေါ် သက်ရောက်မှုမရှိဘဲ ဒိန်းမတ် အသင်းကို ၄-၂ ဂိုး၊ အခုနောက်ဆုံး နော်ဝေ အသင်းကို ၂-၁ ဂိုးတို့နဲ့ အသီးသီး အနိုင်ရလဒ်တွေ ဖော်ဆောင်ပြသနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ ပထမပိုင်း ၃၆ မိနစ်မှာ မာတင် အိုဒီဂတ် ရဲ့ ပြစ်ဒဏ်ဘောကန်တင်ပေးမှုကို ထိန်းသိမ်းပြီးနောက် ခရစ္စတိုဖာ အေဂျာ က ပင်နယ်တီဧရိယာထိပ်ကနေ ဘေးထောင့်စွန်းထဲကို အပြင်းကန်သွင်းယူကာ နော်ဝေ အတွက် ဦးဆောင်ဂိုးကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီနောက် ၂ မိနစ်အကြာမှာပဲ စိတ်ဓာတ်တက်ကြွနေတဲ့ ဂျာအို ကန်ဆယ်လို က တစ်ဖက်ခြမ်းမှာ အလားတူ လှပတဲ့ကန်ချက်နဲ့ အမြန်ဆုံး ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဗီတင်ညာ နဲ့ ဂျာအို ဖဲလစ် တို့ရဲ့ အချိတ်အဆက်ကနေတစ်ဆင့် ရရှိလာတဲ့အခွင့်အရေးကို ရာမို့စ် က အနီးကပ် ပိတ်သွင်းပြီး အနိုင်ဂိုးရယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဖရန်စစ္စကို ကွန်ဆီဆာအို ဒုတိယအဝါကတ်နဲ့ အထုတ်ခံခဲ့ရပေမဲ့ ပေါ်တူဂီ အသင်းက အနိုင်ရလဒ်ကို အကောင်းဆုံး ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

နော်ဝေ တိုက်စစ်မှူး အားလင်း ဟာလန်း ကတော့ အသင်းအတွက် ၅၉ ပွဲမှာ ၆၅ ဂိုးအထိ သွင်းယူထားနိုင်ပေမဲ့ ဒီပွဲစဉ်မှာပါ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးသွားခဲ့ရပါတယ်။

Source : https://www.espn.com.sg/

Leave a Reply

Your email address will not be published. Required fields are marked *