မန်ချက်စတာ ယူနိုက်တက် တန်းဆင်းသွားနိုင်တယ်လို့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ် သတိပေး

မန်ချက်စတာ ယူနိုက်တက် တန်းဆင်းနိုင်

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်တယ်လို့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ် က သတိပေးလိုက်ပါတယ်။ လိဂ်ပြိုင်ပွဲက အရမ်းပြင်းထန်တာကြောင့် ရလဒ်တွေဆက်တိုက်ဆိုးသွားရင် ဘယ်အသင်းမဆို တန်းဆင်းသွားနိုင်တယ်လို့ သူက ထောက်ပြခဲ့တာပါ။

အဲရစ် တန်ဟက်ဂ် ဟာ မကြာသေးခင်ကမှ မန်ယူ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့အကြောင်း ပြောဆိုခဲ့သလို၊ နယ်သာလန် ESPN နဲ့ အင်တာဗျူးမှာလည်း မန်ယူ အနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်းသွားနိုင်ခြေရှိကြောင်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ “သရဲနီ” တွေဟာ အဆင့်ရပ်တည်မှုအရ တန်းဆင်းဇုန်အထက်မှာ ဂိုးကွာခြားချက်နဲ့သာကပ်တင်နေပြီး တစ်ရာသီလုံးမှာ တစ်ပွဲတည်းသာ နိုင်ပါသေးတယ်။

ကိုးပွဲ ကစားပြီးချိန်အထိ ရလဒ်ဆိုးနေတဲ့အတွက် ပရီးမီးယားလိဂ် ၁၃ ကြိမ် ချန်ပီယံအသင်း တန်းဆင်းသွားနိုင်ခြေရှိလားဆိုတဲ့အပေါ် အဲရစ် တန်ဟက်ဂ် က “ပရီးမီးယားလိဂ်မှာတော့ ဒါက တကယ်ဖြစ်လာနိုင်ပါတယ်။ အသင်းတိုင်းက အရမ်းတောင့်တင်းပြီး လူစာရင်းကောင်းသလို နည်းပြကောင်းတွေချည်းပါပဲ။ အခြေအနေဆိုးတဲ့ဘက်ကို ရောက်သွားပြီး အဲဒီသံသရာထဲ ပိတ်မိသွားရင်တော့ ရုန်းထွက်ဖို့ တကယ်ကို ခက်ခဲသွားနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။

သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ် ကာလမှာ ကာရာဘောင်းဖလား နဲ့ အက်ဖ်အေဖလား ရယူပေးခဲ့ပြီး အဆင့် ၃ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း အအောင်မြင်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ခဲ့သလို၊ အဆုံးသတ် မလှခဲ့ပေမဲ့ မန်ယူ အပေါ် ကောင်းမွန်တဲ့ ခံစားချက်တွေပဲရှိနေဆဲလို့ သူက ဆိုပါတယ်။

“ယူနိုက်တက် နဲ့အတူ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မရောက်ခင်က ၆ နှစ်လောက် ဆုဖလားမရခဲ့ပါဘူး။ ကျွန်တော်တို့ ဝင်ဘလေကို ၆ ကြိမ် ရောက်ခဲ့ပြီး ဆုဖလား ၂ လုံး ရခဲ့သလို အဆင့် ၃ နေရာနဲ့လည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ အချိန်တချို့မှာ ခက်ခဲမှုတွေကြုံခဲ့ရပေမဲ့ ပရီးမီးယားလိဂ်လို ပြင်းထန်တဲ့ပြိုင်ပွဲမှာ အခက်အခဲနဲ့ ရင်ဆိုင်ရပြီဆိုရင်တော့ ပြဿနာအကြီးကြီး ကြုံရပါပြီ” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒုတိယမြောက်ပွဲစဉ်ကတည်းက သုံးမှတ်အပြည့် မရတော့ပါဘူး။ ဘုန်းမောက် ကို ရှုံးပြီးနောက် လက်ရှိနည်းပြ မိုက်ကယ် ကာရစ် တစ်ယောက် ရာထူးက ထုတ်ပယ်ခံရလုနီးပါးဖြစ်ခဲ့ပေမဲ့ အသင်းဘက်က အချိန်ထပ်ပေးထားပါတယ်။ ဒါပေမဲ့ လာမဲ့ရက်သတ္တပတ်တွေမှာ ဗီလာ၊ လီဗာပူး၊ ဘရန့်ဖို့ဒ်၊ နယူးကာဆယ် တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရတော့မှာပါ။

ဖိအားတွေကြားကနေ ရိုးမား နဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မိုက်ကယ် ကာရစ် က “အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ပြင်ဆင်မှုတွေကို ပြောင်းလဲမသွားစေပါဘူး။ ကျွန်တော့်အနေနဲ့ နောက်ပွဲအတွက် တကယ်ကို စိတ်လှုပ်ရှားပြီး ရင်ခုန်နေပါတယ်။ ဖြစ်လာမဲ့အရာတွေကို အာရုံမစိုက်ဘဲ မနက်ဖြန်ပွဲမှာ အကောင်းဆုံး ပွဲကောင်းတစ်ပွဲဖြစ်အောင်ပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : https://talksport.com/

Leave a Reply

Your email address will not be published. Required fields are marked *