မကြာသေးခင် သီတင်းပတ်တွေအတွင်း မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် မိုက်ကယ် ကာရစ် နဲ့ သူ့ကြားက ဆက်ဆံရေးအပေါ် မီဒီယာတွေက “လိမ်ညာမှုတွေ အများကြီး” ရေးသားဖော်ပြခဲ့ကြတယ်လို့ ဘရူနို ဖာနန်ဒက်စ် က ပြောဆိုလိုက်ပါတယ်။
အင်္ဂါနေ့က ရိုးမား ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသက် ၃၂ နှစ်အရွယ် ကစားသမားက မီဒီယာတွေဆီ အခုလို စတင်ဖွင့်ဟပြောဆိုလာတာပါ။ ဒါဟာ ကိုမို အသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ကာရစ် ရဲ့ နည်းဗျူဟာကို လူသိရှင်ကြားဝေဖန်ခဲ့တာကြောင့် အရန်ခုံထိုင်ခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြေရှင်းချက်ပေးလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းကြီးဆီ ပြန်လည်ပါဝင်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ဟာ ရိုးမား နဲ့ပွဲစဉ် ၅၈ မိနစ်မှာ ပင်နယ်တီသွင်းယူပေးခဲ့ပြီး ၂ ဂိုးပြတ် ဦးဆောင်ခံထားရတဲ့ အခြေအနေကနေ ဒုတိယပိုင်းမှာ မယုံနိုင်စရာ ချေပအနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။
“ဒီကာလတွေက တကယ့်ကို ခက်ခဲခဲ့ပြီး မီဒီယာတွေမှာလည်း ထင်ကြေးပေးမှုတွေ အများကြီး ရှိခဲ့ပါတယ်” လို့ ဖာနန်ဒက်စ် က အမေဇုန် ပရိုင်းမ် ကို ပြောပြခဲ့ပါတယ်။
“ကျွန်တော်နဲ့ နည်းပြကြား ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လိမ်ညာမှုတွေအများကြီး ရှိနေခဲ့တာပါ။ ကျွန်တော်တို့ အချင်းချင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောဆိုခဲ့ကြပြီး ခြေစွမ်းမပြနိုင်လို့ ကျွန်တော့်ကို အရန်ခုံမှာထားဖို့ နည်းပြက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါက တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက်ပါ။
ကျွန်တော်ပြောခဲ့တဲ့စကားတွေအတွက် အပြစ်ပေးခံရတယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြတယ်။ တကယ်လို့ အဲ့ဒါကြောင့် အပြစ်ပေးတာဆိုရင်တောင် ဒါဟာ မှန်ကန်ပါတယ်။ နည်းပြဆိုတာ ဆုံးဖြတ်ချက်ချရတဲ့သူ ဖြစ်လို့ပါပဲ။
ဒါက နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတိုင်းအပေါ် ကျွန်တော်ထားရှိတဲ့ ယုံကြည်မှုကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ရှေ့ဆက်ကစားရမဲ့ပွဲတိုင်းကို အနိုင်ရချင်တဲ့ ကျွန်တော့်ရဲ့ပစ်မှတ်ကိုလည်း ဘာတစ်ခုမှ လျော့ကျသွားစေမှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ရိုးမား ကို အနိုင်ရရှိခဲ့တာကြောင့် ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ အခြေအနေဆိုးကို အဆုံးသတ်နိုင်ခဲ့သလို စိန်ခေါ်မှုတွေ များပြားနေတဲ့ အချိန်ကာလမှာ ကာရစ် ရင်ဆိုင်နေရတဲ့ ဖိအားတချို့ကိုလည်း သက်သာစေခဲ့ပါတယ်။
ဒါပေမဲ့ ဒီနိုင်ပွဲရလဒ်က နည်းပြရဲ့ရာထူးနေရာကို ကယ်တင်နိုင်မလားလို့ မေးမြန်းတဲ့အခါမှာတော့ “ကျွန်တော်တို့ ဘယ်သူ့ရဲ့ အလုပ်အကိုင်ကိုမှ ကယ်တင်ပေးနေဖို့ မလိုပါဘူး” လို့ ဖာနန်ဒက်စ် က အမေဇုန် ပရိုင်းမ် ကို ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “အသင်းအနေနဲ့ ဒီနိုင်ပွဲကို လိုအပ်နေခဲ့တာပါ။ ကစားသမားတွေအတွက်လည်း ဒီနိုင်ပွဲက မဖြစ်မနေ လိုအပ်ပါတယ်။ ဒီအခြေအနေဆိုးကနေ အားလုံးအတူတူ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားအားထုတ်နေကြပါတယ်” လို့ ဖြည့်စွက်ပြောကြားသွားပါတယ်။
Source : https://www.bbc.com/




