ဆာကာ ရဲ့ ပေါင်ကြွက်သားဒဏ်ရာ ပြန်သက်သာလာမှုအပေါ် အခြေအနေကောင်းတွေ မြင်တွေ့နေရတာကြောင့် အောင်မြင်စွာ ပြန်လာနိုင်မယ်လို့ မီခေးလ် အာတီတာ က အပြည့်အဝ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့လက ဘိုင်ယန်မြူးနစ် နဲ့ ပွဲအစ ၁၀ မိနစ်မှာ ဒဏ်ရာရပြီး လူစားလဲခံခဲ့ရတဲ့ အာဆင်နယ် တောင်ပံကြယ်ပွင့် ဆာကာ ဟာ အသင်းရဲ့ နောက်ဆုံး ၄ ပွဲစလုံးကို လွဲချော်ခဲ့ရပါတယ်။ ကြွက်သားတစ်ဝိုက် အရည်တွေအများကြီးစုနေလို့ စကန်ဖတ်စစ်ဆေးဖို့ ခက်ခဲခဲ့ပြီး ကနဦးမှာတော့ ၈ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။
လက်ရှိချန်ပီယံ အာဆင်နယ် ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် စနေနေ့မှာ ဟားလ်စီးတီး နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက် နှစ်ပတ်အကြာမှာတော့ အကြိတ်အနယ်ပွဲကျပ်တွေ စတင်တော့မှာပါ။ နိုဝင်ဘာလကုန်ကနေ ခရစ္စမတ်ကာလအတွင်း ဒေါ့မွန်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် အပြင် နယူးကာဆယ်၊ ဘရန့်ဖို့ဒ် နဲ့ မြောက်လန်ဒန်ဒါဘီ စပါး အဝေးကွင်းပွဲတွေ ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။
ဆာကာ အနေနဲ့ အဲ့ဒီပွဲအများစုကို လွဲချော်ဖို့များနေပေမဲ့ နိုင်ငံတကာရက်သတ္တပတ်အပြီး မြက်ခင်းပြင်ပေါ် တစ်ဦးတည်းလေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်မှသာ ပြန်လာမဲ့ရက်အတိအကျကို သိရမှာပါ။ အနည်းဆုံး နောက်ထပ်တစ်လလောက် အနားယူရနိုင်မလားဆိုတဲ့ မေးခွန်းကို အာတီတာ က သဘောတူခဲ့ပေမဲ့ ဒဏ်ရာသက်သာလာတဲ့ အစောပိုင်းအခြေအနေအပေါ် အကောင်းမြင်စကား ဆိုခဲ့ပါတယ်။
“ကျွန်တော်လည်း အဲ့လိုပဲထင်တယ်၊ ဒါပေမဲ့ သေချာတော့ မသိသေးပါဘူး။ ဒဏ်ရာရသွားတဲ့ပုံစံက အရမ်းကြီးဆိုးရွားတဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ကြွက်သားမျှင်တွေ ပိုမြန်မြန်နဲ့ ပြန်လည်ကောင်းမွန်လာနိုင်မယ်လို့ မျှော်လင့်ချက်ရှိသလို လက်ရှိမှာလည်း လက္ခဏာကောင်းတွေ တွေ့နေရတာမို့ စောင့်ကြည့်ရပါဦးမယ်” လို့ အာတီတာ က ပြောကြားခဲ့ပါတယ်။
ဆာကာ ဟာ ဘိုင်ယန်မြူးနစ် နဲ့ ပွဲမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ဖိအားမရှိဘဲ ဘောလုံးပေးပို့လိုက်ချိန်မှာတင် ရုတ်တရက် လဲကျသွားခဲ့တာပါ။ ဘာကြောင့် အခုလို ဒဏ်ရာရသွားလဲဆိုတဲ့အပေါ် အာတီတာ က “အကြောင်းရင်းတချို့ ရှိနိုင်တယ်လို့ ယူဆပေမဲ့ ဒီနေရာမှာတော့ အသေးစိတ် မပြောချင်ပါဘူး။ ဘာဖြစ်သွားလဲဆိုတာသိရအောင် သူ့နဲ့ရော ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပေမဲ့ တကယ့်အဖြေမှန်ကိုတော့ ကံဆိုးစွာနဲ့ အတိအကျ မသိနိုင်ပါဘူး” လို့ ရှင်းပြခဲ့ပါတယ်။
Source : https://www.standard.co.uk/




