ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် အမျိုးသားလက်ရွေးစင်အသင်း နည်းပြရာထူးကနေ ထွက်ခွာတော့မဲ့ မော်ရီစီယို ပိုချက်တီနို ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နည်းပြသစ်အဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နေရာကို အစားထိုးဖို့ အမေရိကန် ဘောလုံးအဖွဲ့ချုပ် က ကမ်းလှမ်းခံရမဲ့ ဘယ်သူ့ကိုမဆို ကမ်းလှမ်းလာရင် လက်ခံဖို့ သူက အကြံပေးထားပါတယ်။
ပိုချက်တီနို ဟာ အင်္ဂါနေ့မှာ ဟေတီ နဲ့ ကစားမဲ့ ကွန်ကာကပ်ဖ် နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ပြီးတာနဲ့ မန်ချက်စတာ ကို သီးသန့်လေယာဉ်နဲ့ ချက်ချင်းထွက်ခွာမှာပါ။ မထွက်ခွာခင် အက်ဖ်စီ စင်စင်နာတီ ရဲ့ တီကျူအယ်လ် ကွင်း အနီးက ဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် မန်ချက်စတာ စီးတီး နည်းပြဟောင်း ပက် ဂွါဒီယိုလာ ဒါမှမဟုတ် တခြားနည်းပြတွေက အမေရိကန် မှာ ၂၅ လကြာ တာဝန်ယူခဲ့တဲ့ အတွေ့အကြုံကို မေးလာရင် ဘာပြန်ပြောမလဲလို့ အမေးခံခဲ့ရပါတယ်။
သတင်းထောက် မေးခွန်းမဆုံးခင်မှာပဲ သူက ဖြတ်ပြောလိုက်ပါတယ်။ “တစ်ယောက်ယောက်က ကျွန်တော့်ကို မေးလာရင်လား။ ဒီအတိုင်းပဲ လက်ခံလိုက်ပါလို့ ပြောမှာပါ” လို့ ဆိုပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အမေရိကန် အသင်းကို ၁၆ သင်းအဆင့်ထိ ပို့ဆောင်ပေးပြီးနောက် ပိုချက်တီနို ဟာ ဩဂုတ်လမှာ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် အဆင့် ၁၈ ရောက်နေလို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပယ်ခံခဲ့ရတဲ့ မိုက်ကယ် ကာရစ် ရဲ့နေရာမှာ အစားထိုးဖို့ ယူနိုက်တက် က စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ ၁၀ သန်းပေးချေပြီး ချဲလ်ဆီး၊ တော့တင်ဟမ် နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်းကို ခေါ်ယူခဲ့တာပါ။
ဒါဟာ ပိုချက်တီနို မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှု ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက် ဟာ လိဂ်ချန်ပီယံဆု နောက်ဆုံးရခဲ့တာ ၁၄ နှစ်နီးပါး ရှိပြီဖြစ်ပေမဲ့ ကမ္ဘာ့ပရိသတ် ၁ ဘီလီယံကျော်ရှိတဲ့ တန်ဖိုးအကြီးဆုံး အသင်းတစ်သင်း ဖြစ်နေဆဲပါ။
“မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးက အခွင့်အရေးရလာရင် လိုချင်တယ်လို့ပဲ ဖြေရမှာပါ။ ဒီအဆင့်မှာ ကျွန်တော့်ကိုယ်ကျွန်တော်ထပ်ပြီး သက်သေပြချင်ပါတယ်” လို့ ၂၀၁၃ တုန်းက ဆောက်သမ်တန် နဲ့ ပရီးမီးယားလိဂ် ကို စတင်ဝင်ရောက်ခဲ့တဲ့ ပိုချက်တီနို က ပြောပါတယ်။
ပိုချက်တီနို ကတော့ အမေရိကန် နည်းပြရာထူးဟာ နိုင်ငံတကာ ဘောလုံးလောကမှာ ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုအဖြစ် မြင်နေဆဲပါ။ “အမေရိကန် ဘောလုံးအဖွဲ့ချုပ် ကို လာဖို့ အကောင်းဆုံး အချိန်ပါပဲ။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က သည် အက်သလက်တစ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာ ဟာ အမေရိကန် အသင်းရဲ့ ထိပ်တန်းပစ်မှတ် ဖြစ်နေပါတယ်။ ဘိုင်ယန် မြူးနစ် နဲ့ ဘာစီလိုနာ တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒီစပိန်သားနည်းပြဟာ စီးတီး မှာ ၁၀ နှစ်ကြာပြီးနောက် မေလကထွက်ခွာခဲ့ပြီး တခြားကလပ်အသင်းတွေကို ထပ်မကိုင်တွယ်တော့ဘူးလို့ ပြောထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂွါဒီယိုလာ နဲ့ ပိုချက်တီနို တို့ဟာ စက်တင်ဘာလတုန်းက နယူးယောက် မှာ ဆုံတွေ့ခဲ့ကြပါသေးတယ်။ မန်စီးတီး နဲ့ ပိုင်ရှင်တူတဲ့ နယူးယောက် စီးတီး အက်ဖ်စီ နဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျူလီယန် ဟောလ်၊ အက်ဒရီ မက်မက်တီ တို့ ပါဝင်တဲ့ နယူးယောက် ရက်ဘူးလ်စ် တို့ရဲ့ အမ်အယ်လ်အက်စ် ပွဲစဉ်ကို ရန်ကီး ကွင်း ရဲ့ အထူးခန်းကနေ အတူကြည့်ရှုခဲ့ကြတာပါ။
ရက်အနည်းငယ်အကြာမှာပဲ ပိုချက်တီနို ဟာ အော်လန်ဒို မှာ ပီရူး နဲ့ ကစားတဲ့ခြေစမ်းပွဲမှာ ဟောလ် နဲ့ မက်မက်တီ တို့ကို နိုင်ငံတကာ ပွဲဦးထွက်ကစားခွင့် ပေးခဲ့ပါတယ်။ အမေရိကန် ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဂျေတီ ဘတ်ဆန် လည်း တက်ရောက်ခဲ့တဲ့ အဲဒီပွဲအတွင်း ဂွါဒီယိုလာ က ဥရောပကလပ်ကြီးတွေမှာ နေ့စဉ်ဖိအားတွေနဲ့ အလုပ်လုပ်ရတာကို မလွမ်းဘူးလားလို့ ပိုချက်တီနို ကို မေးခဲ့ပါတယ်။
“သူက မော်ရီစီယို မင်း ပရီးမီးယားလိဂ် ကို ပြန်မလာချင်ဘူးလားလို့ မေးတော့ ကျွန်တော်က မလာချင်ဘူး၊ ဒီမှာ ပျော်တယ်လို့ ဖြေခဲ့တယ်။ ဒါပေမဲ့ နေ့စဉ်အလုပ်တွေကို နည်းနည်းတော့ လွမ်းမိတယ်လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။
ပိုချက်တီနို နေရာကို ဆက်ခံမဲ့သူဟာ ကမ္ဘာ့အဆင့်နည်းပြတစ်ဦးကြောင့် ပိုမိုမြင့်တက်လာတဲ့ ရာထူးဂုဏ်သိက္ခာကို ဆက်ခံရမှာပါ။ မန်ချက်စတာ ယူနိုက်တက် လို အသင်းကြီးက သူ့ကို ခေါ်ယူလိုက်တာဟာ ဒီရာထူးရဲ့ အဆင့်အတန်းကို ပိုမြှင့်တင်ပေးလိုက်တာပဲလို့ အသက် ၅၄ နှစ်အရွယ် အာဂျင်တီးနားသား နည်းပြက ပြောပါတယ်။
“ကမ္ဘာ့ဖလားအပြီးမှာ ဥရောပက ရှုမြင်ပုံတွေ လုံးဝပြောင်းလဲသွားပါပြီ။ အခုဆိုရင် အမေရိကန် နည်းပြရာထူးက ပိုပြီး ဂုဏ်သိက္ခာ ရှိလာပါပြီ။ ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးက အမေရိကန် အသင်းနည်းပြကို လာခေါ်နေပြီဆိုရင် တခြားနည်းပြတွေအနေနဲ့လည်း ဒီရာထူးအပေါ် စဉ်းစားလာကြမှာပါ” လို့ ပိုချက်တီနို က ပြောကြားသွားပါတယ်။
Source : https://www.foxsports.com/




