ဂျပန်ရုပ်ရှင်သရုပ်ဆောင်မင်းသမီး မီဟိုနာကာရာမာသည် ရေချိုးနေစဉ်အချိန်အတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အေဂျင်စီ Big Apple က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အသက်(၅၄)နှစ်အရွယ် မီဟိုနာကာရာမာသည် အလုပ်လာရန်ပျက်ကွက်ခဲ့သည့်အတွက် ၎င်း၏ အေဂျင်စီက သွားရောက်ခဲ့ရာ တိုကျိုမြို့ရှိ ၎င်း၏နေအိမ် ရေချိုးကန်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Big Apple အေဂျင်စီက “မီဟိုနာကာရာမာ ရုတ်တရုတ်ကွယ်လွန်သွားမှုနဲ့ပတ်သက်ပြီး နွေးထွေးတဲ့စကားလုံးတွေနဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဖော်ပြခဲ့တဲ့ လူတွေအားလုံးကို ကျွန်တော်တို့အေဂျင်စီက ကျေးဇူးတင်ပါတယ်။ မီဟိုနာကာရာမာဟာ တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် သေဆုံးသွားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေတော့ မတွေ့ရှိခဲ့ရပါဘူး။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ ရေချိုးစဉ်အချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နွေးထွေးတဲ့ကူညီပံ့ပိုးပေးမှုတွေအားလုံးကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်”ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကျန်ရစ်သူမိသားစုများနှင့် အခြားဆက်နွှယ်သူများ၏ ကိုယ်ရေးကိုယ်တာအတွင်းရေးများကို လေးစားရန်နှင့် သတင်းဖော်ပြမှုများကို သတိထားကြရန် မီဒီယာများကို Big Apple အေဂျင်စီက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
အခြားထုတ်ပြန်ချက်တစ်ခုတွင် မီဟိုနာကာရာမာအတွက် နှုတ်ဆက်ပွဲအခမ်းအနားကို နောက်ပိုင်းတွင် ကျင်းပပေးရန်စီစဉ်ထားကြောင်း Big Apple အေဂျင်စီက ရေးသားဖော်ပြထားသည်။ သို့သော်လည်း မီဟိုနာကာရာမာ၏ ဈာပနနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Big Apple အေဂျင်စီက ထုတ်ပြန်ပြောဆိုထားခြင်းမျိုးမရှိသေးပါ။
Big Apple အေဂျင်စီက “ကျန်ရစ်သူမိသားစုနဲ့ အခြားဆက်နွှယ်သူတွေရဲ့ အတွင်းရေးတွေကို လေးစားတဲ့အနေနဲ့ တွေ့ဆုံမေးမြန်းခြင်းတွေမလုပ်ဆောင်ဖို့ မီဒီယာတွေကို ကျွန်တော်တို့တောင်းဆိုပါတယ်။ ပြီးတော့ မီဟိုနာကာရာမာရဲ့ နေအိမ် ဒါမှမဟုတ် ရုံးကိုသွားရောက်လည်ပတ်တာမျိုး ၊ ထောက်လှမ်းတာမျိုးတွေလည်း မလုပ်ဆောင်ကြဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်”ဟု ရေးသားဖော်ပြထားသည်။
Source : cnalifestyle.channelnewsasia.com
#မီဟိုနာကာရာမာ #ဈာပန #ဂျပန်ရုပ်ရှင်သရုပ်ဆောင် #အေဂျင်စီ #bigapple