နာမည်ကျော် One Direction အဖွဲ့၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ လိုင်ယန်ပိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး လူ(၅)ဦးကို စွဲချက်တင်ခဲ့ကြောင်း အာဂျင်တီးနားတရားသူကြီးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် စွဲချက်တင်ထားသူ(၅)ဦးအနက်မှ နှစ်ဦးကို လိုင်ယန်ပိန်းကို မူးယစ်ဆေးဝါးများ ပံ့ပိုးပေးမှုအတွက် ရုံးတင်စစ်ဆေးမှုမတိုင်မီ အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားရန် အာဂျင်တီးနား တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အာဂျင်တီးနားတရားသူကြီး၏ ဆုံးဖြတ်ချက်ကို တရားရေးရာအရာရှိတစ်ဦးက ဒီဇင်ဘာလ (၃၀)ရက်တွင်အတည်ပြုခဲ့ပြီး ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားမည့် လူနှစ်ဦးအနက်မှ တစ်ဦးမှာ လိုင်ယန်ပိန်းတည်းခိုခဲ့သည့် ဗျူနိုအေးရိစ်မြို့ရှိဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။
ထို့ပြင် ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရမည့် အခြားလူတစ်ဦးမှာ စားသောက်ဆိုင်တစ်ခုတွင် လိုင်ယန်ပိန်းတွေ့ဆုံခဲ့ဖူးသည့် စားပွဲထိုးတစ်ဦးဖြစ်ကြောင်း သိရသည်။
တရားသူကြီးသည် အာဂျင်တီးနားနိုင်ငံတွင် လိုင်ယန်ပိန်းနှင့်အတူရှိခဲ့သော စီးပွာရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဟိုတယ်မန်နေဂျာနှစ်ဦးတို့ကို လူသေဆုံးမှုအတွက် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ၎င်းတို့သုံးဦးကို ရုံးတင်စစ်ဆေးမှုမတိုင်မီ အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားရန် အာဂျင်တီးနားတရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းမျိုးမရှိကြောင်းလည်းသိရသည်။
အာဂျင်တီးနားအစိုးရရှေ့နေများသည် လိုင်ယန်ပိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး လူသုံးဦးကို ပြီးခဲ့သည့်နိုဝင်ဘာလတွင် စွဲချက်တင်ခဲ့သော်လည်း ၎င်းတို့၏အမည်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ပါ။ လိုင်ယန်ပိန်း သည် (၂၀၂၄) ခုနှစ် အောက်တိုဘာလ(၁၆)ရက်တွင် ဗျူနိုအေးရိစ်မြို့ရှိဟိုတယ်တစ်ခု၏ သုံးလွှာမှ ပြုတ်ကျကာသေဆုံး ခဲ့ခြင်းဖြစ်သည်။
Source : bbc.com
#လိုင်ယန်ပိန်း #အာဂျင်တီးနား #သေဆုံးမှု #တရားသူကြီး #ဗျူနိုအေးရိစ်မြို့