လက်ရှိအချိန်တွင် သရုပ်ဆောင်သည့်အပိုင်းထက် ၎င်း၏ဂီတလောက အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အာရုံစိုက်လိုကြောင်း တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီက ထုတ်ပြန်ပြောဆိုခဲ့သည်။

ဂျင်းနီသည် လာမည့်မတ်လ(၁၀)ရက်တွင် ထွက်ရှိလာမည့် ‘The Jennifer Hudson Show’ အတွက် ရိုက်ကူးမှုများကို မကြာသေးမီက လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ(၂)ရက်တွင် အမေရိကန်အဆိုတော် Jennifer Hudson သည် ‘The Jennifer Hudson Show’ အတွင်း မကြာမီထွက်ရှိလာမည့် တစ်ကိုယ်တော်အယ်လ်ဘမ် ‘Ruby’ နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မျှဝေခဲ့သည့် ဂျင်းနီ၏အင်တာဗျူး ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခဲ့ကြောင်းသိရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ဂျင်းနီက လက်ရှိအချိန်တွင် သရုပ်ဆောင်သည့်အပိုင်းထက် ၎င်း၏ဂီတအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အာရုံစိုက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လာမည့်အနာဂတ်တွင် နောက်ထပ်သရုပ်ဆောင်မှုများကို ထပ်မံမြင်တွေ့နိုင်ရန် မျှော်လင့်ရမလားဆိုသည့် မေးခွန်းများကို ဂျင်းနီက တုံ့ပြန်ဖြေကြားခဲ့ကြောင်းသိရသည်။
ဂျင်းနီက “ကျွန်မရဲ့ နောက်ထပ်သရုပ်ဆောင်မှုတွေကို ထပ်မံမြင်တွေ့နိုင်ဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ကျွန်မရဲ့အယ်လ်ဘမ်အတွက်ပဲ အာရုံစိုက်ထားချင်ပါသေးတယ်”ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ပြင်ဆင်နေသည့်အချိန်တွင် အခြားပရောဂျက်များအကြောင်း မစဉ်းစားချင်ကြောင်း ဂျင်းနီက ဝန်ခံပြောဆိုခဲ့သည်။
Source : allkpop.com