တောင်ကိုရီးယားစစ်တပ်တွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ V သည် အထူးစစ်သည်တော်ဘွဲ့ကို ရရှိခဲ့ကြောင်းသိရသည်။
V သည် ၎င်း၏စစ်မှုထမ်းဘဝနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို မျှဝေမှုနှင့်အတူ အထူးစစ်သည်တော်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည့် သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
V က “တောင်ကိုရီးယားစစ်တပ်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ဒုတိယတန်း တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးခံထားရပါတယ်။ ကျွန်တော် အခု ဒုတိယတန်းမှာရာထူးရရှိထားပေမဲ့ မကြာခင်အချိန်အတွင်းမှာ ပထမတန်းကို ရာထူးတက်နိုင်တော့မှာပါ”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အထူးစစ်သည်တော်ဘွဲ့ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်ပြီး V က နောက်ထပ် အသေးစိတ်အချက်အလက်များကို မျှဝေခဲ့ကြောင်းလည်းသိရသည်။
V က “မကြာသေးခင်က ကျွန်တော် အထူးစစ်သည်တော် ဘွဲ့ကိုချီးမြှင့်ခံခဲ့ရပါတယ်။ ကျွန်တော် အလုပ်အရမ်းကြိုးစားခဲ့လို့ ခုလို ချီးမြှင့်ခံခဲ့ရတာပါ။ ကျွန်တော် တစ်ကြိမ်တုန်းကဆိုရင် နံရိုးဒဏ်ရာတောင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်အောင် ကျွန်တော်ကြိုးစားခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် V သည် လက်ရှိအချိန်တွင် ၎င်း၏ခန္ဓာကိုယ် ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံမျှဝေခဲ့ကြောင်းလည်းသိရသည်။ V က ‘‘ကျွန်တော် အခု အလေးချိန်(၇၀)ကီလိုဂရမ်ရှိ နေပါပြီ။ ကျွန်တော်ရဲ့ပရိသတ်တွေဆီကို အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်အောင်လည်း ကြိုးစားနေပါတယ်”ဟု ပြောဆိုခဲ့သည်။
Source : allkpop.com