ပွဲချိန် ၁၁၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီနေး ဘော့ဂတ်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကြီးမားဆုံး အံ့အားသင့်စရာ ရှုံးနိမ့်မှုကြီးကနေ သီသီလေး လွတ်မြောက်သွားခဲ့ပြီး ပွဲဦးထွက် သူရဲကောင်း ကိပ်ဗာဒီအသင်းကို နောက်ဆုံး ၃၂ သင်းအဆင့်မှာ ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဖီဖာ ကမ္ဘာ့အဆင့် ၆၄ နေရာမှာ ရှိနေတဲ့ ကိပ်ဗာဒီအသင်းဟာ ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတဲ့ ပြိုင်ဘက် အာဂျင်တီးနားအသင်းကို နှစ်ကြိမ်တိုင်တိုင် နောက်ကနေလိုက်ကစားပြီး သရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ မိနစ် ၉၀ ပြည့်တဲ့အထိ ၁-၁ နဲ့ သရေကျနေခဲ့လို့ ဒီအသင်းငယ်လေးက နာမည်ကြီးပြိုင်ဘက်ကို အချိန်ပိုအထိ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၉၂ မိနစ်မှာတော့ လီဆန်ဒရို မာတီးနက်စ်က အာဂျင်တီးနားအတွက် အကောင်းဆုံး ပိတ်သွင်းပြီး ပွဲကိုအနိုင်ဖြတ်လိုက်ပြီလို့ ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၁၁ မိနစ်အကြာမှာတော့ ဆစ်ဒနီ လိုပက်စ် ကာဘရယ်က ကမ္ဘာ့ဖလားသမိုင်းမှာ အကောင်းဆုံး ဂိုးတွေထဲက တစ်ဂိုးကို သွင်းယူပြီး ခြေပပွဲပြန်လုပ်ခဲ့ပါတယ်။ သူဟာ စည်းထဲကိုဆွဲဝင်လာပြီး ဂိုးသမား အီမီလီယာနို မာတီးနက်စ်ရဲ့ အပေါ်ကနေ ထောင့်ဖြတ် ကန်သွင်းကာ ၂-၂ ဖြစ်စေခဲ့တာပါ။
သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးညကို ဖြတ်သန်းနေတဲ့ ကာဘရယ်ဟာ အချိန်ပိုပြီးခါနီး ၄ မိနစ်အလိုမှာလည်း မာတီးနက်စ် လက်စွမ်းပြကာကွယ်ရမဲ့ ကန်ချက်မျိုး ထပ်လုပ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ တတိယအကြိမ်မြောက် ပြန်လည်ခြေပပြီး ပင်နယ်တီအထိ ဆွဲခေါ်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
မိုင်ယာမီက ပွဲအစပိုင်းမှာတော့ ပရိသတ်ထောင်ပေါင်းများစွာရဲ့ အားပေးသံတွေနဲ့ ပွဲက တကယ့်ကိုအခြေအနေကောင်းနေခဲ့တာပါ။ ပွဲချိန် ၂၉ မိနစ်မှာတော့ လီယွန်နယ် မက်ဆီရဲ့ ဖန်တီးမှုကြောင့် အာဂျင်တီးနားတို့ နိုင်ပွဲဆီ ဦးတည်နေသလို ထင်ခဲ့ရပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ နောက်ခံလူ မာတီးနက်စ်ရဲ့ အဝေးဘော ပေးပို့မှုကို သေသပ်စွာထိန်းချုပ်ပြီး ဂိုးထဲကို ကန်သွင်းကာ သူ့ရဲ့ ကမ္ဘာ့ဖလား ၂၀ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့ ကိပ်ဗာဒီအသင်းဟာ ဒီအတိုင်း ငြိမ်ငြိမ်လေး ထွက်ခွာသွားဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဒီရွိုင်း ဒူအာတီရဲ့ သွင်းဂိုးကြောင့် ကိပ်ဗာဒီအသင်း ခြေပဂိုး ရရှိခဲ့ပါတယ်။ သူဟာ စည်းထဲကိုပြေးဝင်ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူ မာတီးနက်စ်ရဲ့ ခြေထောက်ကြားကနေ ဂိုးသမား မမီနိုင်တဲ့ ထောင့်ကျဉ်းကနေ အားပါပါ ကန်သွင်းယူခဲ့တာကြောင့် ကိပ်ဗာဒီ ပရိသတ်တချို့ မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ကြပါတယ်။
မိုင်ယာမီက အချိန်ပို ပထမ ၂ မိနစ်မှာတော့ နောက်ခံလူ မာတီးနက်စ်က အလက်ဆစ် မက် အယ်လစ္စတာရဲ့ ကော်နာကတစ်ဆင့် ခေါင်းတိုက်ပေးပို့မှုကို အားပါပါ ပိတ်သွင်းပြီး ဂိုးသမား ဗိုဇင်ညာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကာဘရယ်ရဲ့ ကမ္ဘာ့အဆင့်မီ ခြေပဂိုးထွက်ပေါ်လာခဲ့တာပါ။ နောက်ဆုံးမှာ သူတို့ထင်သလို ဖြစ်မလာခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပေါ်မှာတော့ ၎င်းတို့ရဲ့ မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။
မက်ဆီရဲ့ သွင်းဂိုးနဲ့ နည်းပြ စကာလိုနီရဲ့ အသင်းဟာ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေအနေနဲ့ အာဂျင်တီးနား ၁၆ သင်းအဆင့်ကို လွယ်လွယ်ကူကူ တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။
ကိပ်ဗာဒီအသင်းဟာ အရှုံးမပေးခဲ့ဘဲ ဒူအာတီက မက်ဆီရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ခြေပခဲ့သလို၊ မာတီးနက်စ် အနိုင်ဂိုးသွင်းပြီလို့ ထင်မှတ်ထားချိန်မှာလည်း ကာဘရယ်က အိမ်မက်ဆန်ဆန် အချိန်ပို ခြေပဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အာဂျင်တီးနားအနေနဲ့ လွန်ခဲ့တဲ့ လေးနှစ်က ကာတာမှာ ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း ရှိနေသေးပေမဲ့ ဒီပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အသည်းအသန် တိုက်ပွဲကိုတော့ လွယ်လွယ်နဲ့ မေ့နိုင်မှာမဟုတ်ပါဘူး။
ဂိုးသမား ဗိုဇင်ညာဟာ စပိန်နဲ့ အုပ်စုအဖွင့်ပွဲစဉ် ၀-၀ သရေပွဲတုန်းက ကစားသမားကောင်းအဖြစ် ချီးကျူးခံခဲ့ရပေမဲ့ အခုပွဲမှာတော့ အဲဒီထက် ပိုမိုကောင်းမွန်တဲ့ လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဂိုးသမားကြီးဟာ မက်ဆီနဲ့ တစ်ဦးချင်း ရင်ဆိုင်ရမှုကို ကာကွယ်နိုင်ခဲ့သလို အာဂျင်တီးနား အသင်းခေါင်းဆောင်ရဲ့ ဖရီးကစ် ကန်ချက်ကိုလည်း လက်ဖျားနဲ့ ပုတ်ထုတ်တာအပါအဝင် စုစုပေါင်း လက်စွမ်းပြ ကာကွယ်မှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၁၁ မိနစ်မှာ ခရစ္စတီယန် ရိုမီရိုရဲ့ ခေါင်းတိုက်ချက်က ဒီနေး ဘော့ဂတ်စ်နဲ့ ထိပြီး ဂိုးထဲဝင်သွားချိန်မှာတော့ ပွဲကြည့်စင်ပေါ်က အာဂျင်တီးနား ပရိသတ်တွေရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုထက် စိတ်သက်သာရာရမှုတွေကို ပိုမို မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မာတီးနက်စ်နဲ့ မက်ဆီတို့ဟာ စိတ်ပျက်အားငယ်နေတဲ့ ပြိုင်ဘက်ကစားသမားတွေကို လိုက်လံနှစ်သိမ့်ပေးခဲ့ကြပါတယ်။ သူတို့ ရှုံးနိမ့်ခဲ့ရပေမဲ့လည်း ကိပ်ဗာဒီအသင်းဟာ ဘောလုံးလောကရဲ့ လေးစားမှုကိုတော့ အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Source : https://www.bbc.com/




