အာဆင်နယ် အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ ဂျော့ရှ် ခရွန်ကေး က နည်းပြ မီခေးလ် အာတီတာ ကို စာချုပ်သက်တမ်းတိုးဖို့က အသင်းအတွက် “အရေးကြီးဆုံး ဦးစားပေး” ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မီခေးလ် အာတီတာ ရဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စပိန်လူမျိုးနည်းပြတို့ဟာ အခု ၆ နှစ်ခွဲကြာ ဖြတ်သန်းခဲ့တဲ့သက်တမ်းကို ထပ်ပြီးတိုးမြှင့်ဖို့ အလိုရှိနေကြတယ်လို့ ESPN က ဖော်ပြထားပါတယ်။
စနေနေ့မှာ ပါရီစိန့်ဂျာမန်း (PSG) အသင်းနဲ့ ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင်မှာ ဂျော့ရှ် ခရွန်ကေး က “မီခေးလ် ကို အသင်းမှာ ဆက်ထိန်းထားဖို့က အဓိက ဦးစားပေးပါပဲ။ ကမ္ဘာတစ်ဝှမ်းက အာဆင်နယ် ပရိသတ်တွေအတွက် သတင်းကောင်းကတော့ သူဟာ ဒီပရောဂျက်ကို သဘောကျနေပြီး ဒီမှာရှိနေရတာကို ပျော်ရွှင်နေတာပါပဲ။ ကစားသမားဘဝကနေ အခုအချိန်အထိ သူဟာ သွေးချင်းထဲက အာဆင်နယ်သားတစ်ယောက်ပါ” လို့ သတင်းထောက်အချို့ကို ပြောခဲ့ပါတယ်။
မီခေးလ် အာတီတာ ကတော့ ပြီးခဲ့တဲ့လက သူဟာ အသင်းအပေါ် “အပြည့်အဝ သန္နိဋ္ဌာန်ချထားပါတယ်” လို့ ပြောခဲ့ပေမဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို နွေရာသီအထိ ရွှေ့ဆိုင်းထားပါတယ်။ “အခုချိန်မှာ ဒါကို ဆွေးနွေးဖို့ အချိန်မရှိပါဘူး။ အခုကနေ ရာသီမကုန်ခင်အထိ ကျွန်တော်တို့ လုပ်ရမယ့်အရာပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်” လို့ အဲ့ဒီအချိန်တုန်းက သူက ဆိုခဲ့ပါတယ်။
ဒီလိုပြောကြားပြီးနောက်ပိုင်းမှာတော့ မီခေးလ် အာတီတာ ဟာ အာဆင်နယ် ကို ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စနေနေ့ ဘူဒါပက်စ်မှာကစားမဲ့ ဗိုလ်လုပွဲမှာ PSG ကို အနိုင်ရခဲ့ရင် သမိုင်းဝင် ဖလားနှစ်လုံးရအောင် စွမ်းဆောင်နိုင်တော့မှာပါ။
“ဒီအောင်မြင်မှုတွေရဲ့ နောက်ကွယ်က တစ်ဦးတည်းသောသူကို ပြပါဆိုရင် ကျွန်တော်ကတော့ မီခေးလ်၊ သူ့ရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကိုပဲ ရာနှုန်းပြည့် ဂုဏ်ပြုချင်ပါတယ်။ သူတို့က အဓိကလူတွေပါ။ မီခေးလ် က နည်းဗျူဟာတွေ ချမှတ်ပေးသလို ကစားသမားတွေကလည်း ကွင်းထဲမှာ သွားကစားပြီး အနိုင်ရအောင် လုပ်ပေးရတာပါ” လို့ ဂျော့ရှ် ခရွန်ကေး က ပြောပါတယ်။
အာဆင်နယ် ဟာ ပြီးခဲ့တဲ့နွေရာသီက ကစားသမားသစ် ၈ ယောက်အတွက် ပေါင် ၂၅၀ သန်းကျော် အသုံးပြုခဲ့ပြီး ပိုမိုအောင်မြင်ဖို့အတွက် အသင်းကို ဒီအတိုင်း ရပ်တန့်ထားမှာမဟုတ်ဘူးလို့လည်း သူကအခိုင်အမာ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ ပိုပြီးတောင့်တင်းအောင် လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပတ်ပတ်လည်က အသင်းတွေလည်း ပိုကောင်းလာမှာကို သိနေလို့ပါ။ အမြဲတမ်း တိုးတက်ပြောင်းလဲအောင် မလုပ်ရင် သင်က ရပ်တန့်ကျန်ခဲ့မှာပဲ။ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်။ ဆက်ပြီးတည်ဆောက်ဖို့နဲ့ ရေရှည်ထိန်းသိမ်းဖို့ ခိုင်မာတဲ့ အုတ်မြစ်တွေ ရှိနေပါပြီ။ အုတ်မြစ်ချရတာက ခရီးစဉ်တစ်ခုရဲ့ အခက်ခဲဆုံးအပိုင်းဖြစ်ပြီး အခု အဲ့ဒါရှိနေပြီဆိုတော့ ထိပ်ဆုံးမှာ ဆက်ရှိနေဖို့ပဲ လိုပါတယ်။ ကိုယ့်နောက်ကနေ အားလုံးက တောင်ပေါ်တက်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို သိထားရပါမယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source : https://www.espn.com/




