ရှုံးနိမ့်မှုဒဏ်ရာကြောင့် နာကျင်ရပေမဲ့ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာ ဝန်ခံ

ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း အာတီတာ ဝန်ခံ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုရှင် ပီအက်စ်ဂျီ အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က ဝန်ခံပြောကြားလိုက်ပါတယ်။

အချိန်ပိုအထိ ၁-၁ ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ပီအက်စ်ဂျီ က ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့တာပါ။

အာတီတာ က သူ အခုအချိန်မှာ “နာကျင်မှု” တစ်ခုတည်းကိုပဲ ခံစားနေရတယ်လို့ဆိုခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ သူ့ရဲ့ အာဆင်နယ် အသင်းဟာ တစ်ပွဲလုံး ဘောလုံးအသာစီးနဲ့ ကစားသွားခဲ့တဲ့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီ အသင်းရဲ့ အဆင့်အတန်းမျိုးကို မမီသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဘူဒါပက်စ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း “ကျွန်တော် ပီအက်စ်ဂျီ ကို ဂုဏ်ပြုချင်ပါတယ်၊ အထူးသဖြင့် နည်းပြ လူးဝစ် အင်းနရစ် ကိုပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်အရ သူတို့ဟာကမ္ဘာ့အကောင်းဆုံးအသင်းမို့လို့ပါ” လို့ အာတီတာ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“သူတို့ ဘောလုံးနဲ့အတူ လုပ်ပြသွားတာတွေ၊ တစ်ဦးချင်း အစွမ်းပြမှုတွေက ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေပါ။ ကိုယ့်မှာ ဘောလုံးမရှိတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ ကစားမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေရှိပေမဲ့ သူတို့က အဲ့ဒီအတိုင်း ကစားလို့မရအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေကို ပိုပြီးတောင် ချီးကျူးရမှာပါ” လို့ သူက ဆက်ပြောပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ပြီး ပီအက်စ်ဂျီ ရဲ့ တိုက်စစ်ဆင်မှုလှိုင်းတွေကို အသည်းအသန် ခုခံကာကွယ်ခဲ့ရတာပါ။

အာဆင်နယ် အတွက် ပွဲအစမှာ ကိုင် ဟာဗက်ဇ် က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အော့စမန် ဒီမ်ဘီလီ က ပင်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့တာကြောင့် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီ ဟာ ချန်ပီယံလိဂ်တစ်ရာသီအတွင်း သွင်းဂိုး ၄၅ ဂိုးဆိုတဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

အာတီတာ ဟာ ပွဲရလဒ် ၁-၁ ဖြစ်နေချိန်မှာ အာဆင်နယ် တောင်ပံကစားသမား နိုနီ မာဒူအေကီ ပင်နယ်တီမရခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ဖြစ်ခဲ့ပေမဲ့ သူတို့အသင်း ချန်ပီယံလိဂ်ဖလား ရယူချင်တယ်ဆိုရင် အများကြီး ပိုကြိုးစားရဦးမယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

ဒါဟာ အာဆင်နယ် အသင်းအတွက် ပါရီမြို့မှာ ဘာစီလိုနာ ကို ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးဗိုလ်လုပွဲပြီးနောက် အနှစ် ၂၀ ကြာမှ ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ် ကို ၇ နှစ်နီးပါး ဦးဆောင်ခဲ့တဲ့ အတောအတွင်း အာတီတာ ဟာ အသင်းကို နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အင်္ဂလန်ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ထိပ်တန်းအဆင့်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ နောက်ထပ် အပြောင်းအလဲတွေ လိုအပ်နေသေးကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့တဲ့ လမ်းကြောင်းအတိုင်း နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသွားရမှာပါ။ ရာသီတိုင်းမှာ ပြိုင်ဆိုင်မှုအဆင့်အတန်းက ပိုပိုမြင့်တက်လာနေပါတယ်” လို့ စပိန်လူမျိုးနည်းပြက ရှင်းပြခဲ့ပါတယ်။

“ဒီညက ရရှိတဲ့ (ရှုံးနိမ့်မှု) နာကျင်မှုကို ခံစားရမှာဖြစ်သလို၊ ဒါကို ခြေဖျက်ပြီး ပိုမိုကောင်းမွန်တဲ့ အဆင့်တစ်ခုဆီ တက်လှမ်းနိုင်ဖို့အတွက် ခွန်အားအဖြစ် ပြောင်းလဲရပါမယ်။ ဘာလို့လဲဆိုတော့ ဥရောပတစ်ခွင်မှာ ရှိနေတဲ့ အသင်းတွေရဲ့ အရည်အသွေးက ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုကို တောင်းဆိုနေလို့ပါပဲ”

Source : https://www.nst.com.my/

Leave a Reply

Your email address will not be published. Required fields are marked *