အာဆင်နယ် အသင်းဟာ ဒီရာသီ ကွင်းအတွင်းကခြေစွမ်းပြသမှုတွေကြောင့် အင်္ဂလန် ရဲ့ အချမ်းသာဆုံးကလပ် ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။
သူတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်မှုနဲ့ ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းမှာ ရပ်တည်နေတာတွေက လာမဲ့ စာရင်းဇယားတွေ ထွက်လာတဲ့အခါ လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ကိုကျော်ဖြတ်ပြီး ဝင်ငွေအများဆုံး အင်္ဂလန်ကလပ် ဖြစ်လာစေမှာပါ။
ဂန်းနား တို့ဟာ ၂၀၂၄-၂၅ ရာသီမှာ ပေါင် ၆၉၁ သန်းအထိ စံချိန်တင် ဝင်ငွေရရှိခဲ့ပြီး အဲ့ဒီတုန်းက ပရီးမီးယားလိဂ် မှာ ဒုတိယရကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တာပါ။ ကုန်သွယ်မှုဝင်ငွေ ၄၁ ရာခိုင်နှုန်း (ပေါင် ၂၆၃ သန်း)၊ ပွဲစဉ်နေ့ဝင်ငွေ ၁၇ ရာခိုင်နှုန်း (ပေါင် ၁၅၄ သန်း) နဲ့ ထုတ်လွှင့်မှုဝင်ငွေ ၄ ရာခိုင်နှုန်း (ပေါင် ၂၁၃ သန်း) အသီးသီး တိုးတက်လာခဲ့ပါတယ်။ ဒီ ဝင်ငွေ ၃ မျိုးလုံးဟာ ဒီရာသီမှာလည်း စံချိန်တင်အဆင့်ထိ ထပ်ပြီး မြင့်တက်လာဖို့ ရှိနေပါတယ်။
အာဆင်နယ် သာ ချန်ပီယံဆုရယူနိုင်ရင် ပရီးမီးယားလိဂ် ဆုကြေးငွေပိုရမှာပါ။ ပြီးခဲ့တဲ့ရာသီက ဒုတိယရခဲ့လို့ ပေါင် ၁၇၁.၅ သန်း ရခဲ့ပေမဲ့ ချန်ပီယံ လီဗာပူး ကတော့ ပေါင် ၁၇၄.၉ သန်း ရရှိခဲ့ပါတယ်။
သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်မှုကနေ ပေါင် ၁၂၂ သန်း ရထားပြီးပြီဖြစ်လို့ ပြီးခဲ့တဲ့ရာသီက အဲ့ဒီအဆင့်မှာ ရခဲ့တဲ့ ပေါင် ၁၀၁ သန်းထက် ပိုများနေပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရရင် နောက်ထပ် ပေါင် ၁၀ သန်း ထပ်တိုးမှာဖြစ်သလို ၂၀၂၉ နွေရာသီမှာ ကျင်းပမဲ့ ဖီဖာ ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲအတွက်လည်း ဝင်ခွင့်သေချာမှာပါ။ ချယ်လ်ဆီး ဟာ ပြီးခဲ့တဲ့နွေရာသီက ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့လို့ ပေါင် ၉၀ သန်း ရခဲ့တာကြောင့် အာဆင်နယ် အနေနဲ့လည်း အလားတူ ဘဏ္ဍာရေး အထောက်အပံ့မျိုး ရလာနိုင်ပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ် ထုတ်လွှင့်မှုနဲ့ ဆုကြေးငွေ ရရှိမှုတွေကတော့ –
- အာဆင်နယ် – ပေါင် ၁၂၂ သန်း (လက်ရှိအထိ)
- လီဗာပူး – ပေါင် ၉၅ သန်း
- မန်ချက်စတာစီးတီး – ပေါင် ၈၄ သန်း
- ချယ်လ်ဆီး – ပေါင် ၈၀ သန်း
- စပါး – ပေါင် ၇၃ သန်း
- နယူးကာဆယ် ယူနိုက်တက် – ပေါင် ၅၇ သန်း အသီးသီးရှိကြပါတယ်။
Source : https://www.skysports.com/




