ဖီဖာက မက်ဆီကို ပြိုင်ပွဲထဲ ဆက်ချန်ချင်နေတာ ဖြစ်နိုင်တယ်လို့ အီဂျစ်နည်းပြ စွပ်စွဲ

ဖီဖာက မက်ဆီကို ပြိုင်ပွဲထဲ ဆက်ချန်ချင်နေတာ ဖြစ်နိုင်

အီဂျစ်အသင်းနည်းပြ ဟိုဆန် ဟက်ဆန်က ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ မတရားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတာလို့ ပြောကြားလိုက်ပြီး ဖီဖာအနေနဲ့ လိုင်ယွန်နယ် မက်ဆီကို ပြိုင်ပွဲထဲမှာ ဆက်ပြီး ရှိနေစေချင်တာ ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ မက်ဆီရဲ့ နောက်ကျဂိုး ဖန်တီးမှုသွင်းဂိုးတွေနဲ့အတူ ပွဲကို အနိုင်ရရှိသွားခဲ့တာပါ။ ဒါပေမဲ့ VAR ပြန်လည်ကြည့်ရှုပြီး အီဂျစ်အသင်းရဲ့ သွင်းဂိုးတစ်ဂိုးကို ပယ်ဖျက်ခဲ့တာအပြင် အန်ဇို ဖာနန်ဒက်စ်ရဲ့ အနိုင်ဂိုးမသွင်းခင် ဖြစ်ပွားခဲ့တဲ့ အလက်ဆစ် မက် အယ်လစ္စတာရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကို ဒိုင်လူကြီးက ပြန်လည်မစစ်ဆေးခဲ့တာကြောင့် အီဂျစ်အသင်းသားတွေ ဒေါသထွက်ခဲ့ကြပါတယ်။ နည်းပြ ဟက်ဆန်က ကွင်းတွင်းကွင်းပြင်က ပြင်ပအချက်အလက်တွေကြောင့် ရှုံးနိမ့်ခဲ့ရတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံထက် အစစအရာရာ သာလွန်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ကွင်းတွင်းကွင်းပြင်က ပြင်ပအချက်အလက်တွေကြောင့် ပြောင်းလဲသွားခဲ့ရတယ်။ ကမ္ဘာ့ချန်ပီယံကို ပြိုင်ပွဲထဲမှာ ဆက်ချန်ထားချင်ပုံရပြီး မက်ဆီကို ဆက်ရှိနေစေချင်ပုံရပါတယ်။ ကမ္ဘာ့ချန်ပီယံအသင်းက ဘက်ပေါင်းစုံကနေ အကာအကွယ်တွေ ရရှိခဲ့တာပါ” လို့ ဟက်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။

ပွဲအပြီးမှာ ဟက်ဆန်ဟာ ပြင်သစ်ဒိုင်လူကြီး ဖရန်ဆွာ လက်တီဆီယာနဲ့ စကားများခဲ့ပြီး ဒိုင်လူကြီးမှာ ဖုံးကွယ်ထားစရာ တစ်ခုခု ရှိနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူး မိုစတာဖာ ဇီကိုကလည်း ၂ ဂိုးပြတ်နိုင်နေပြီးမှ အရာအားလုံးက သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့တာလို့ ညည်းတွားခဲ့ပါတယ်။ ပွဲအပြီး အဝတ်လဲခန်းထဲမှာတော့ အသင်းခေါင်းဆောင် ဆာလာက ကစားသမားတွေကို စုစည်းပြီး “ကံမကောင်းတာပါပဲ၊ ပြီးသွားပါပြီ။ ဖြစ်သမျှအရာ အကောင်းမှတ်ပြီး ရှေ့ဆက်ကြရအောင်” လို့ အားပေးစကား ပြောကြားခဲ့ပါတယ်။

Source : https://www.espn.com.sg/

Leave a Reply

Your email address will not be published. Required fields are marked *