မာရိုကိုနဲ့ပွဲမတိုင်ခင် အမ်ဘာပေ အဆင်သင့်ဖြစ်နေပြီး အိုလီဆေးရဲ့ အဝါကတ်ပယ်ဖျက်ခွင့် ဖီဖာပယ်ချ

အိုလီဆေးရဲ့ အဝါကတ်ပယ်ဖျက်ခွင့် ဖီဖာပယ်ချ

ဖီဖာ က ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ရဲ့ တိုက်စစ်ကစားသမား အိုလီဆေး ရဲ့ အဝါကတ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုကို ပယ်ချလိုက်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒီဒီယာ ဒေရှမ့် က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အိုလီဆေး ဟာ ပါရာဂွေးအသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မာသီးယက်စ် ဂါလာဇာ နဲ့ အချင်းများခဲ့ပြီးနောက် အဝါကတ်ပြသခံခဲ့ရတာပါ။ ပါရာဂွေးကွင်းလယ်လူဟာ သူ့ရဲ့မျက်နှာကိုကိုင်ပြီး ကွင်းထဲလဲကျသွားခဲ့ပေမဲ့ ပြန်လည်ပြသတဲ့ ရုပ်သံပြကွက်တွေမှာတော့ အိုလီဆေး က သူ့ရဲ့အကျီကိုသာ ဆွဲကိုင်ခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာ ဘက်က အံ့အားသင့်ဖွယ် ဆိုင်းငံ့ပေးခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပါဝင်ကစားခွင့်ပြုခဲ့တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း အယူခံဝင်ဖို့ အကြောင်းပြချက်ခိုင်လုံတယ်လို့ ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေရှမ့် က သူတို့ရဲ့ အယူခံကို ဖီဖာ က ပယ်ချလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အိုလီဆေး အနေနဲ့ ကြာသပတေးနေ့ ဘော့စတွန်မှာကစားမဲ့ မာရိုကိုအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောက်ထပ် အဝါကတ်တစ်ခတ် ထပ်မံရရှိရင် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ရမဲ့ အန္တရာယ်ရှိနေပါတယ်။

အိုလီဆေး ရဲ့ အဝါကတ်က ဘာမှပြောင်းလဲမသွားပါဘူး” လို့ ဒေရှမ့် က ဆိုပါတယ်။ “ဒီမနက်မှာပဲ အိုလီဆေး ရဲ့ အဝါကတ်ကို အတည်အဖြစ်ပဲ ထားရှိမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖီဖာ ဆီကနေ ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်”

နည်းပြ ဒေရှမ့် ဟာ ကွာတားဖိုင်နယ်မှာ မာရိုကိုအသင်းနဲ့ ရင်ဆိုင်ဖို့ သူ့ရဲ့ကစားသမားတွေကို ပြင်ဆင်ပေးနေတာဖြစ်ပြီး ဒီပွဲဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကာတာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ နောက်ဆက်တွဲ ပြန်လည်ဆုံတွေ့မှုလည်း ဖြစ်ပါတယ်။

ပါရာဂွေးကို ၁-၀ နဲ့ နိုင်တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့်လွဲချော်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီ ဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီး မာရိုကိုနဲ့ပွဲမှာ ပါဝင်လာနိုင်ခြေ ရှိနေပါတယ်။

“ကျွန်တော့်ဆီမှာ အချက်အလက်အားလုံးတော့ မရှိသေးပါဘူး၊ ဒီနေ့မနက် အစောကြီး ဒီကိုလာဖို့ ထွက်ခဲ့ရလို့ပါ” လို့ ဒေရှမ့် က ပြောပါတယ်။ “သူ အခြေအနေ ပိုကောင်းလာပါပြီ။ သူက ကျွန်တော် စစ်ဆေးရမဲ့တစ်ဦးတည်းသော ကစားသမားပါ၊ ဒါပေမဲ့ သူသက်သာနေပါပြီ။ ဒီနေ့ လေ့ကျင့်ရေးမှာ ပါဝင်နိုင်ကောင်း ပါဝင်နိုင်လိမ့်မယ်။ နောက်မှပဲ ထပ်ကြည့်ရတော့မယ်။ ကျန်တဲ့ ကစားသမားအားလုံးကတော့ အဆင်သင့်ပါပဲ”

ဒါ့အပြင် နည်းပြ ဒေရှမ့် က တိုက်စစ်မှူး အမ်ဘာပေ အနေနဲ့ ပါရာဂွေးအမတ်တစ်ဦးနဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပေမဲ့ မာရိုကိုနဲ့ပွဲကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ပြင်သစ်အသင်းက ပါရာဂွေးကို အနိုင်ရရှိပြီးနောက် ပါရာဂွေးအမတ် ဆီလက်စတီး အာမာရီလာ ရဲ့ ရေးသားချက်တွေအပေါ် အမ်ဘာပေ က “ရွံရှာဖွယ်ကောင်းတဲ့ အမျိုးသမီး” လို့ ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ကီလီယန် (အမ်ဘာပေ) က အဆင်ပြေပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ် ကျွန်တော် အနောက်ကိုပြန်လှည့်မကြည့်ချင်သလို အဲ့ဒါကိုလည်း ထိုင်မစဉ်းစားချင်တော့ဘူး။ သူဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အရမ်းသန်မာတဲ့ လူတစ်ယောက်ပါ။ သူက မနက်ဖြန်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အသင်းသားတွေအားလုံးလိုပဲ ကီလီယန် ကလည်း အဆင်ပြေပြေ ရှိနေပါတယ်” လို့ ဒေရှမ့် က ဆိုသွားပါတယ်။

Source : https://www.espn.com.sg/

Leave a Reply

Your email address will not be published. Required fields are marked *