သောကြာနေ့တုန်းက ဟာရီ ကိန်း ဟာ ဟာလန်း နဲ့ နှိုင်းယှဉ်ပြောဆိုနေကြတာတွေကို ပယ်ချလိုက်ပြီး အင်္ဂလန် အသင်းအနေနဲ့ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။
လာမဲ့စနေနေ့မှာတော့ မျိုးဆက်သစ်ခြင်္သေ့ သုံးကောင်အသင်းဟာ ဟာ့ဒ်ရော့ခ် အားကစားကွင်းမှာ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ဖို့အတွက် နော်ဝေ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဟာရီ ကိန်း နဲ့ ဟာလန်း တို့ကတော့ ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင် ဖြစ်နေကြတာပါ။
လက်ရှိမှာတော့ ပြင်သစ် အသင်းရဲ့ အမ်ဘာပေ နဲ့ အာဂျင်တီးနား အသင်းရဲ့ လီယွန်နယ် မက်ဆီ တို့က ၈ ဂိုးစီနဲ့ ဦးဆောင်နေပြီး ဟာလန်း က ၇ ဂိုး၊ ဟာရီ ကိန်း ကတော့ ၆ ဂိုး သွင်းယူထားပါတယ်။
သူတို့နှစ်ယောက်ထဲက ဘယ်သူကပိုတော်သလဲလို့ မေးမြန်းရာမှာတော့ ဟာရီ ကိန်း က “ကျွန်တော့်အတွက် ဖြေရခက်တဲ့ မေးခွန်းပါ။ ပထမဆုံးအချက်ကတော့ ကျွန်တော်တို့က အလုံးစုံကို ကွဲပြားတဲ့ ကစားသမားတွေလို့ ထင်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးကို တိုက်စစ်မှူးတွေလို့ မြင်ကြပေမဲ့ အမှန်အတိုင်းပြောရရင် ကစားတဲ့နေရာက မတူညီတဲ့ ပုံစံနှစ်မျိုးလိုပါပဲ။
ဟာလန်း ရဲ့ ဂိုးသွင်းနှုန်းက တကယ့်ကို မယုံနိုင်စရာပါပဲ။ ရုပ်ပိုင်းဆိုင်ရာအရ သူက စက်ရုပ်တစ်ရုပ်လိုပဲ၊ သားရဲတစ်ကောင်လိုပါပဲ။ သူ့ရဲ့ အဆုံးသတ်သေချာမှုက အမြင့်မားဆုံးအဆင့်မှာရှိနေပြီး သူ့ရဲ့ဂိုးသွင်းမှတ်တမ်းတွေက ဘာမှထပ်ပြောဖို့ မလိုအောင် သက်သေပြနေပါတယ်” လို့ ဆိုခဲ့ပါတယ်။
ဟာရီ ကိန်း ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် နဲ့ အင်္ဂလန် အသင်းတို့အတွက် ၇၃ ဂိုးအထိ သွင်းယူထားပြီး ဟာလန်း ကတော့ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီး နဲ့အတူ ၄၆ ဂိုး သွင်းယူကာ ၄ ရာသီအတွင်း ၃ ကြိမ်မြောက်အဖြစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။
“ကျွန်တော်လည်း ဂိုးတွေအများကြီးသွင်းနိုင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကွဲပြားတဲ့ ကစားသမားတစ်ဦးလို့ပဲ မြင်ပါတယ်။ ကျွန်တော်က ဘောလုံးကို ပိုထိချင်တယ်၊ ကစားကွက်ထဲမှာ ပိုပြီးပါဝင်ချင်တယ်၊ ဒါပေမဲ့ တိုက်စစ်မှူးစစ်စစ် (နံပါတ် ၉ နေရာ) အဖြစ်လည်း ကစားနိုင်ပါတယ်။ ကျွန်တော်တို့အချင်းချင်း နှိုင်းယှဉ်နေစရာ မလိုဘူးလို့ ထင်ပါတယ်။
သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ကော လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပါ အရမ်းလေးစားပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲမှာတော့ သူခြေငြိမ်နေပါစေလို့ပဲ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ့ရဲ့ အလုံးစုံခြေစွမ်းပြသမှုတွေက သူ့ဘာသာ သက်သေပြနေပြီးသားပါ။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ” လို့ ဟာရီ ကိန်း က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ အုပ်စု (L) မှာ ပထမနေရာ ရခဲ့ပေမဲ့ အားရစရာ သိပ်မရှိခဲ့ဘဲ ကွန်ဂို ဒီအာ အသင်းကို နိုင်ဖို့အတွက် ပွဲပြီးခါနီးမှာ ဟာရီ ကိန်း ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ရုန်းကန်ခဲ့ရသလို၊ ၁၆ သင်းအဆင့် အက်ဇ်တီကာ အားကစားကွင်းမှာ ကစားခဲ့တဲ့ မက္ကဆီကို နဲ့ ပွဲမှာလည်း ၃-၂ ရလဒ်နဲ့ အနိုင်ရအောင် ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။
ဟာရီ ကိန်း က “လူတိုင်းကတော့ ပြိုင်ပွဲကို အကောင်းဆုံး စတင်ချင်ကြတာချည်းပါပဲ။ အကောင်းဆုံး အခြေအနေမှာဆိုရင် ပွဲတိုင်းကို သက်တောင့်သက်သာနဲ့ အနိုင်ရပြီး အလန်းစားဘောလုံးဗျူဟာတွေနဲ့ ကစားချင်ကြတာပေါ့၊ ဒါပေမဲ့ အမြဲတမ်းတော့ အဲဒီလို ဖြစ်မလာပါဘူး။ ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေဟာ လမ်းကြောင်းတစ်ခုလုံးကို ချောချောမွေ့မွေ့ ဖြတ်ကျော်ခဲ့ရတာမျိုး အင်မတန်ရှားပါတယ်ဆိုတာ သမိုင်းကသက်သေပြနေပါတယ်။
အခုဆိုရင် ကျွန်တော်တို့ဟာ ကွာတားဖိုင်နယ် အဆင့်ကိုရောက်လာပြီဖြစ်လို့ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံး ပုံစံကိုပြသဖို့ လိုအပ်နေပါပြီ။ ဒီပြိုင်ပွဲမှာ အခုထက်ထိ မပြသနိုင်သေးတဲ့ အမြင့်မားဆုံးအဆင့်ကိုရောက်အောင် သွားရပါမယ်။
အခုက အဲဒါကို သက်သေပြရမဲ့အချိန်ပါပဲ။ အသင်းလိုက် ခြေစွမ်း အထွတ်အထိပ်ရောက်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ အားလုံး လုပ်ဆောင်ပြီးပြီလို့ မျှော်လင့်ပါတယ်။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေက တစ်ပတ်၊ ၈ ရက်အတွင်းမှာ ဆက်တိုက် ကစားရမှာဖြစ်လို့ တကယ့်ကို မြန်ဆန်လွန်းပါတယ်။
ဒါကြောင့် အသင်းမှာရှိတဲ့ ကစားသမားအားလုံးက သက်ရောက်မှုတစ်ခုခု ဖန်တီးနိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ ပိုပြီးတော့ လိုအပ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ သောကြာနေ့က အင်တာမိုင်ယာမီ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့ကြပြီး ၎င်းပွဲစဉ်ကို အမ်အယ်လ်အက်စ် အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သလို အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်း က လာရောက်အားပေးခဲ့ကာ ကစားသမားတွေကို နှုတ်ဆက်ပြီး အချိန်အတူတူ ဖြတ်သန်းခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ ဒေါ်နယ် ထရမ့် က ဒီအပတ်အစောပိုင်းမှာ တိုက်စစ်မှူး ဟာရီ ကိန်း နဲ့ ဂေါက်သီး အတူတူရိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့မှုကိုလည်း ဟာရီ ကိန်း က အတည်ပြုပေးခဲ့ပါတယ်။
“အမှန်အတိုင်း ပြောရရင် ကျွန်တော် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လတုန်းက ကျွန်တော် ပမ်းဘိခ်ျမှာ ရှိနေစဉ်က သူက ကျွန်တော့်ကို ဂေါက်ရိုက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ သမ္မတတစ်ဦးက နေရာတစ်ခုခုကို ဖိတ်ကြားတယ်ဆိုတာ သူ့ကို လူကိုယ်တိုင် တွေ့ဆုံခွင့်ရဖို့နဲ့ ဂေါက်သီး အတူတူရိုက်ခွင့်ရဖို့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံပါပဲ။
သူ့ရဲ့ ဂေါက်သီးရိုက်စွမ်းရည်က တကယ့်ကို ကောင်းမွန်ပါတယ်။ ကျွန်တော် သူ့အသက်အရွယ်ရောက်တဲ့အခါ သူ့လိုမျိုး ဂေါက်သီး ကောင်းကောင်း ရိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဟာရီ ကိန်း က ပြောကြားသွားခဲ့ပါတယ်။
Source : https://www.espn.com.sg/




