ဒီနွေရာသီမှာ ဒေါ့မွန် ဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျေဒန် ဆန်ချို

ဒေါ့မွန် ဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျေဒန် ဆန်ချို

ဂျေဒန် ဆန်ချို တစ်ယောက် သူ့ရဲ့ အောင်မြင်မှုတွေ ရှိခဲ့ဖူးတဲ့ ဒေါ့မွန် အသင်းဆီကို တတိယအကြိမ်မြောက် ပြန်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ အက်စတွန် ဗီလာ မှာ အငှားနဲ့ ကစားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဂျေဒန် ဆန်ချို ဟာ ဒီနွေရာသီမှာ ဘိုရူးရှား ဒေါ့မွန် ကို ပြန်ချင်တယ်လို့ အသင်းကို အသိပေးလိုက်ကြောင်း ဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ဒါက စိတ်ဝင်စားမှုသက်သက်တင် မဟုတ်ဘဲ အသင်းနဲ့ အဆက်အသွယ် လုပ်ထားပြီးပြီဖြစ်သလို အပြောင်းအလဲအတွက် အသေးစိတ် အခြေအနေတွေကိုပါ ဆွေးနွေးထားပြီးပြီလို့ သိရပါတယ်။

ဒါက ဖြစ်နိုင်ခြေ တော်တော်လေး မြင့်မားနေတဲ့ အခြေအနေပါ။ ဂျေဒန် ဆန်ချို ဟာ ၂၀၁၇ ကနေ ၂၀၂၁ အထိ ဒေါ့မွန် မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့သလို ၂၀၂၃-၂၄ ရာသီဝက်မှာလည်း အငှားနဲ့ လာကစားခဲ့ဖူးပါတယ်။ အခုသာ တကယ် ပြောင်းရွှေ့ဖြစ်ခဲ့ရင် ဒါဟာ သူ့အတွက် ဒေါ့မွန် အသင်းမှာ တတိယအကြိမ်မြောက် ကစားတာ ဖြစ်လာမှာပါ။ လက်ရှိမှာ သူက မန်ချက်စတာ ယူနိုက်တက် ကစားသမားဖြစ်ပြီး အက်စတွန် ဗီလာ မှာ အငှားကစားနေတာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။

ဂျေဒန် ဆန်ချို ကို ခေါ်ချင်တဲ့ အသင်းတွေ အများကြီးရှိပေမဲ့ သူကတော့ ဒေါ့မွန် ကိုပဲ ပြန်ချင်နေပါတယ်။ အသင်းဘက်ကလည်း လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းထားပြီးပြီဖြစ်လို့ အားကစားဒါရိုက်တာ လာ့စ် ရစ်ကန် တို့လို အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ပဲ လိုပါတော့တယ်။ နည်းပြဖြစ်သူ နီကို ကိုဗက် ကတော့ သူ့ကို ခေါ်ယူဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

အဓိက စိန်ခေါ်မှုကတော့ သူ့ရဲ့ လက်ရှိခြေစွမ်းပါ။ အရင်က ဒေါ့မွန် မှာ ၁၃၇ ပွဲ ကစားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၁၄ ကြိမ်အထိ ရှိခဲ့လို့ ဥရောပ အသင်းကြီးတွေ မျက်စိကျခဲ့ပေမဲ့ အခုရာသီ အက်စတွန် ဗီလာ မှာတော့ ၃၃ ပွဲကစားပြီး ၁ ဂိုး၊ ၃ ဂိုးဖန်တီးမှုပဲ လုပ်နိုင်ပါသေးတယ်။ မန်ချက်စတာ စီးတီး လူငယ်အသင်းထွက်ဖြစ်တဲ့ သူဟာ ယူရို ၈၅ သန်းနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ပြီးနောက်ပိုင်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း အငှားတွေ ထပ်ခါတလဲလဲ ထွက်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူခြေစွမ်းပြနိုင်ခဲ့တဲ့ နေရာဟောင်းကိုပဲ ပြန်ဖို့ ရွေးချယ်လိုက်ပုံရပါတယ်။

Source : https://biz.chosun.com/

Leave a Reply

Your email address will not be published. Required fields are marked *