ဘာနေဗျူး ကွင်း သတင်းစာရှင်းလင်းပွဲမှာ ဟိုဆေး မော်ရင်ညို ရောက်ရှိလာပြီး လာလီဂါ ပွဲစဉ် (၃) မာလာဂါ နဲ့ ပွဲအနိုင်ရလဒ်အပေါ် သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
“ဘယ်လင်ဟမ် က သူ့ကိုယ်သူရော တခြားသူတွေအပေါ်မှာပါ စံချိန်စံညွှန်းအများကြီး တောင်းဆိုတတ်တဲ့သူပါ။ ဒါကို ကျွန်တော် သဘောကျပါတယ်။ ပြီးတော့ ဂျုဒ် ကို ဒုတိယ ဘယ်နောက်ခံလူလိုမျိုး ခံစစ်ဆင်းကစားနေတာ မမြင်ချင်ဘူးဆိုတာ သူ့ကို ပြောထားပါတယ်။
အရင်တုန်းက သူ အဲဒီလိုဆင်းကစားတာ ခဏခဏ တွေ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်က ဘင်ဖီကာ နဲ့ အုပ်စုအဆင့်ပွဲမှာ ကျွန်တော်တို့ နိုင်တုန်းကလည်း သူက အလယ်ကနေ ဘယ်ဘက်ခြမ်းကိုဆင်းပြီး ခံစစ်ကူရတဲ့အခြေအနေကို အခွင့်ကောင်းအများကြီး ယူခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ အသင်းကို ပုံစံပြောင်းပြီး ဖွဲ့စည်းထားတာကြောင့် သူဘာလုပ်ရမလဲဆိုတာ သေချာသိသလို အရမ်းလည်း သက်တောင့်သက်သာ ရှိနေပါပြီ။ အားလုံးက ဝိုင်းဝန်းကူညီပေးကြတာကို သူ သဘောကျပါတယ်”။
“လူတိုင်းက အသင်းအတွက် ပါဝင်ကူညီပေးနေကြလို့ အားလုံးအပေါ် အရမ်းကျေနပ်မိပါတယ်။ ဒါပေမဲ့ နောက်ဆုံး မိနစ် ၂၀ မှာ ကျွန်တော်တို့ နည်းနည်းကျဆင်းသွားတာ အမှန်ပါပဲ။ ဆာလောင်မှု လျော့သွားတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ၃-၀ နဲ့ နိုင်နေချိန်ဆိုတော့ အသင်းရဲ့ စည်းစနစ် နည်းနည်းပျက်ပြီး ပေါ့လျော့သွားတတ်တဲ့ သဘောပါ။
ပြိုင်ဘက်ကို အမြင့်ကနေ ဖိအားပေးတာ၊ ဘောလုံးလိုက်လုတာနဲ့ နောက်မဆုတ်ဘဲ အပေါ်မှာတင် ဘောလုံးပြန်သိမ်းနိုင်တဲ့ စုဖွဲ့မှု နည်းနည်း လျော့သွားခဲ့တယ်။ ဒါက ဒီအသင်းရဲ့ ပုံစံတစ်ခု ဖြစ်လာနေပါပြီ။ ဒါပေမဲ့ ၉၀ မိနစ်လုံး အဲဒီလို ဆက်တိုက်လုပ်ဖို့ ခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ အပြည့်အဝ အဆင်မသင့်သေးတာက ပုံမှန်ပါပဲ။ ဒါက အချိန်နဲ့အမျှ တိုးတက်လာရမယ့် ကိစ္စပါ”။
ဟွိုင်ဆင် အကြောင်း
“မနှစ်ကနဲ့တော့ မနှိုင်းယှဉ်ချင်ပါဘူး။ ရာသီကြို ကာလတုန်းက ဗာလ်ဒီဘီဘတ်စ် မှာ နှစ်ပွဲ၊ သြစတြီးယား နဲ့ ဘူဒါပတ်စ် တို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲ လေးပွဲအခြေအနေကိုလည်း သိပ်မသိသေးပါဘူး။ ကျွန်တော့်အတွက်တော့ ဗဟိုခံစစ်မှူး တစ်ယောက်ဟာ ဘောလုံးအရည်အသွေး ကောင်းရမယ်၊ နောက်တန်းကနေ တည်ဆောက်ကစားဖို့ ယုံကြည်မှုရှိရမယ်၊ ကွင်းလယ်လူတွေသာ ပေးနိုင်တဲ့ ကစားကွက်ကြားက ပေးပို့မှုတွေ လုပ်နိုင်ရပါမယ်။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ပြတ်သားမှု၊ လုံခြုံစိတ်ချရမှု၊ ယှဉ်ပြိုင်လုယူမှုတွေမှာ နိုင်တာနဲ့ နောက်တန်းမှာ ကစားသမားနှစ်ယောက် ရှိနေတယ်ဆိုတဲ့ယုံကြည်မှုကို အသင်းကို ပေးနိုင်ဖို့ပါပဲ။ သူက အချိန်တိုအတွင်း အများကြီး တိုးတက်လာခဲ့တယ်။ အိမ်ရောက်မှ ဒီပွဲကို သေချာ ပြန်ကြည့်ရဦးမယ်၊ ဒါပေမဲ့ ကစားကွက်ကြား ဘောလုံးတစ်ကြိမ် လွဲချော်တာကလွဲရင် ယှဉ်ပြိုင်မှုတွေနဲ့ နေရာယူကာကွယ်မှုတွေမှာ သူ လွှမ်းမိုးထားနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။
ခံစစ်ကို သေချာကစားနိုင်တဲ့ ဗဟိုခံစစ်မှူးတွေကို သဘောကျတယ်၊ ဘောလုံးကိုင်ကစားတာပါ ကောင်းရင်တော့ ပြီးပြည့်စုံတာပေါ့။ ဒါပေမဲ့ အရင်ဆုံး ခံစစ်ကောင်းဖို့လိုပြီး သူက ဒီအပိုင်းမှာ တိုးတက်လာနေပါတယ်။ လိဂ်ပွဲ သုံးပွဲမှာ သူ့ရဲ့ တိုးတက်မှုကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ နောက်တန်းတွဲဖက်တွေလည်း ကူညီပေးနေသလို ကိုနိတ် နဲ့ ရူဒီဂါ တို့ကလည်း အများကြီး အထောက်အကူ ဖြစ်ပါတယ်”။
ဘယ်လင်ဟမ် က ဘာလွန်းဒီအို ဆုအတွက် ရေပန်းစားသူလား
“မက်ဒရစ် မှာ ဆုရနိုင်တဲ့သူ တစ်ယောက်ထက်မကရှိတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့ ကစားသမားတစ်ယောက် ရှိနေတာ ထင်ရှားပါတယ်။ အခုအချိန်မှာရော၊ လာမဲ့ ကမ္ဘာ့ဖလား မှာရော၊ နောက် ၈ နှစ်အကြာမှာတောင် ဒီလိုစံချိန်မျိုးကို ဘယ်သူမှ ချိုးဖျက်နိုင်မယ် မထင်ပါဘူး။ ချိုးဖျက်ဖို့ မဖြစ်နိုင်တော့သလောက် ဖြစ်နေတဲ့ အဲဒီဂိုးအရေအတွက်ကို သူပဲဆက်ပြီး တိုးမြှင့်သွားဦးမယ် ထင်ပါတယ်။
ဂျုဒ် ကတော့ ကွင်းလယ်လူတစ်ယောက်အနေနဲ့ တကယ်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ထူးချွန်ပါတယ်။ ခင်ဗျားတို့က တစ်လမ်းသွားရင် ကျွန်တော်က နောက်တစ်လမ်း သွားရပါမယ်။ အဲဒီနောက်တစ်လမ်းကတော့ ကျွန်တော့်အသင်းနဲ့ ကစားသမားတွေပါပဲ။ ဒီနေ့မှာ လူကြိုက်သိပ်မများလှတဲ့ ကောင်လေး ကာမာဗင်ဂါ က ပွဲကောင်းတစ်ပွဲ ကစားသွားခဲ့တယ်။ သူ့ရဲ့ တုံ့ပြန်မှုအတွက် အရမ်းကျေနပ်ပါတယ်။ ဖီဒယ် က ဖီဒယ် ပါပဲ၊ ဘာနာဒို ကလည်း ဘာနာဒို ပါပဲ။ အသင်းအပေါ် စိတ်နှစ်ထားတဲ့သူတွေ အများကြီး ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဆီမှာ ဆီဗီလာ မြေက ဘက်တစ် နဲ့ အဝေးကွင်းပွဲကျပ် ရှိနေပြီး အစွမ်းကုန် ပေးဆပ်ကစားရမှာပါ”။
ဘယ်လင်ဟမ်၊ ဗင်နီစီယုစ် ဂျူနီယာ နဲ့ အမ်ဘာပေ တို့ကြားက ချိတ်ဆက်မှု
“အရည်အချင်းမြင့်တဲ့ ကစားသမားတွေဟာ အဆင့်အတန်းတူ၊ အတွေးအကြံ အမြန်နှုန်းတူပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းတူတဲ့သူတွေနဲ့ တွဲကစားချင်ကြတယ်လို့ အစကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ သူတို့က အမြဲတမ်း သဟဇာတဖြစ်နေရမယ်။ ကျွန်တော် မက်ဒရစ် ကို မရောက်ခင်တုန်းက မော်ရင်ညို ဟာ ဟိုကစားသမားကို မလိုချင်ဘူး၊ ဒီကစားသမားကို မကြိုက်ဘူး၊ သုံးယောက်လုံး တွဲကစားဖို့ မဖြစ်နိုင်ဘူးဆိုပြီး ပြောဆိုသံတွေ ရှိခဲ့ပါတယ်။
ကျွန်တော်ကတော့ အကောင်းဆုံး ကစားသမားတွေကိုပဲ အမြဲလိုချင်တယ်လို့ ပြောခဲ့တာပါ။ သူတို့ကြားမှာ အပြန်အလှန် နားလည်မှုနဲ့ စုပေါင်းလက်တွဲလုပ်ဆောင်မှုတွေ ရှိနေတာကို တွေ့နိုင်ပါတယ်။ အာဒါ ရဲ့ နောက်ဆုံးဂိုးမှာ ဗင်နီ ဟာ ကိုယ်တိုင်ဂိုးမသွင်းဘဲ အသင်းဖော်ဆီ ဘောလုံးပေးပို့ခဲ့တယ်။ အားလုံး ဖက်လှဲတကင်း အောင်ပွဲခံကြတယ်၊ အတူတကွ အလုပ်လုပ်ကြပါတယ်။ လောလောဆယ် သူတို့ကြားမှာ ဘာပြဿနာမှ မမြင်ပါဘူး။ အားလုံး ထူးချွန်ပြောင်မြောက်နေကြတာ တစ်ခုပဲ မြင်ပါတယ်”။
ဒီအသင်း ပျော်ရွှင်မှုတွေ ပြန်လည်ရရှိသွားပြီလား
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက ခက်ခဲတဲ့တာဝန်ဖြစ်သလို တစ်လတည်းနဲ့ ပြီးသွားမဲ့ တာဝန်မဟုတ်ဘဲ တစ်ရာသီလုံး လုပ်ဆောင်ရမယ့် အရာပါ။ ပွဲမကစားရတဲ့ ကစားသမားတွေရဲ့ စိတ်ပျက်အားငယ်မှုဆိုတာ ကျွန်တော့်ထက် သူတို့ရဲ့ လက်ထဲမှာပဲ ပိုရှိနေတယ်လို့ ကစားသမားတွေကို အမြဲပြောပြပါတယ်။ ကျွန်တော့်ဘက်ကတော့ လူတိုင်းကို ယုံကြည်ပြီး အားလုံးကို လိုအပ်တယ်ဆိုတဲ့ အချက်ပြမှုတွေ ပေးနိုင်ပေမဲ့ နောက်ဆုံးမှာတော့ စိတ်ပျက်စရာ အခိုက်အတန့်တွေ ကြုံလာရမှာပါပဲ။
အဲဒီအချိန်တွေကို ထိန်းကျောင်းဖို့က သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဒီနေ့မှာ ထရန့် ပွဲထွက်ကစားပြီး ဒမ်ဖရီးစ် က အရန်ခုံမှာ ထိုင်ခဲ့ရတယ်။ ကူကူရယ်လာ ကစားပြီး ကာရီရက်စ် က အရန်ခုံမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ကစားသမားအင်အား အပြည့်ရှိပါတယ်”။
ခံစစ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ
“မနှစ်ကတော့ မက်ဒရစ် ပွဲတွေကို သိပ်မကြည့်ဖြစ်ခဲ့ပါဘူး။ ဘင်ဖီကာ နဲ့ သုံးပွဲကစားခဲ့တဲ့ လမှာတော့ အများကြီးကြည့်ခဲ့ပေမဲ့ အဲ့ဒီမတိုင်ခင်ကတော့ အဆင်ပြေတဲ့အချိန် ကြည့်နိုင်မှ ကြည့်ဖြစ်တာပါ။ အခြေအနေအားလုံးကို မလိုက်ဖြစ်ခဲ့လို့ မနှစ်ကနဲ့တော့ နှိုင်းယှဉ်မပြောနိုင်ပါဘူး။ ပြောနိုင်တာ တစ်ခုကတော့ ပြဿနာတွေ ရောက်လာဦးမှာပါ။ ရှုံးပွဲတွေ ကြုံလာရဦးမယ်။
မနှစ်က ဘင်ဖီကာ မှာ ရှုံးပွဲမရှိခဲ့ပေမဲ့ အဆင့် (၃) နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အကယ်၍ တစ်ပွဲ၊ နှစ်ပွဲလောက်ရှုံးပြီး ချန်ပီယံဆု ရမယ်ဆိုရင်တော့ အခုပဲ လက်မှတ်ထိုးလိုက်ချင်ပါတယ်။ ဆိုးရွားတဲ့ကာလတွေ၊ အဓိက ကစားသမား ဒဏ်ရာရတာတွေ ရောက်လာပါလိမ့်မယ်။ မီဒီယာတွေရဲ့ ဝေဖန်မှုတွေ၊ ပရိသတ်တွေရဲ့ မကျေနပ်မှုတွေရောက်လာတဲ့အခါ ကျွန်တော်တို့ အစစအရာရာ ထိန်းညှိနိုင်ရမယ်၊ အခိုက်အတန့် ဆိုးရွားမှုတစ်ခုက တစ်ရာသီလုံးကို မထိခိုက်စေရပါဘူး။ အဲဒီအချိန်ကျရင် အခု တည်ဆောက်နေတဲ့ အသင်းရဲ့ စုစည်းမှုက အခက်အခဲတွေကို ကယ်တင်ပေးမယ့် အရာ ဖြစ်လာရမှာပါ”။
ဒီယိုမန်ဒေ အကြောင်း
“သူကတော့ ဖြည်းဖြည်းချင်း သွားရမှာပါ။ သုံးပွဲမှာ မိနစ် ၂၀၊ ၁၅ မိနစ်၊ မိနစ် ၃၀ စသဖြင့် ကစားထားပါတယ်။ သူ အလုပ်ကို ကောင်းကောင်းနဲ့ ကြိုးကြိုးစားစား လုပ်တယ်၊ နှိမ့်ချမှုရှိသလို သင်ယူလိုစိတ်၊ အလုပ်လုပ်လိုစိတ် အပြည့်ရှိပါတယ်။ ကျွန်တော့်စကားနဲ့ အသင်းဖော်တွေရဲ့ စကားကို နားထောင်ပါတယ်။ သူ တိုးတက်လာမှာပါ။
ကျွန်တော်တို့ ပေးချေခဲ့ရတဲ့ တန်ကြေးကိုမကြည့်ဘဲ အလားအလာကောင်းတဲ့ လူငယ်ကစားသမားကိုပဲ ကြည့်ရပါမယ်။ သူက ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် နဲ့အတူ အဆင့်မြင့်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့တာပါ။ စိတ်အေးအေးထားကြပါ။ ပုံမှန်အားဖြင့် ဒီလောက် ပမာဏများတဲ့ ပြောင်းရွှေ့ကြေးဆိုတာ ချက်ချင်းပေါက်ကွဲပြနိုင်တဲ့သူတွေ အတွက်ပါ၊ ဒါပေမဲ့ ဒီမှာတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ သူက အရမ်းငယ်သေးပေမဲ့ မယုံနိုင်စရာ ကောင်းတဲ့ ပါရမီတွေ ရှိပါတယ်။ ပေါ့ပေါ့ပါးပါးပဲ သဘောထားပြီး စိတ်အေးအေးထားကြပါ”။
Source : https://www.realmadrid.com/




