မန်ယူအသင်းရဲ့ ဝါရင့်နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်သင့်တယ်လို့ ယာယီနည်းပြ မိုက်ကယ် ကားရစ်က ထောက်ခံပြောကြားလိုက်ပါတယ်။ မက်ဂွိုင်းယားဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ကစားပေးခွင့် မရတော့ပေမဲ့ အခုလက်ရှိ ခြေစွမ်းပြနေတာကြောင့် အခွင့်အရေး ပြန်ရသင့်တယ်လို့ ကားရစ်က ယုံကြည်နေတာပါ။
“ဟယ်ရီ ခြေစွမ်းပြနေတယ်ဆိုတာကတော့ အားလုံးအမြင်ပါပဲ” လို့ မန်ယူမှာ ၇ ရာသီမြောက် ဖြတ်သန်းနေတဲ့ အသက် ၃၃ နှစ်အရွယ် နောက်ခံလူနဲ့ ပတ်သက်ပြီး ကားရစ်က ဆိုပါတယ်။
လာမဲ့အပတ်မှာ အင်္ဂလန်အသင်းဟာ ဥရုဂွေး၊ ဂျပန်တို့နဲ့ ကစားမဲ့ ခြေစမ်းပွဲတွေအတွက် လူစာရင်း ထုတ်ပြန်တော့မှာပါ။ ဒါဟာ နည်းပြ သောမတ်စ် တူချယ် အနေနဲ့ မေလမှာ ကမ္ဘာ့ဖလားအတွက် အပြီးသတ် ၂၆ ယောက်စာရင်း မထုတ်ပြန်ခင် နောက်ဆုံးပွဲစဉ်တွေလည်း ဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ နည်းပြ ဆောက်ဂိတ် လက်ထက် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာ အဓိကကစားသမား ဖြစ်ခဲ့ပေမဲ့ ၂၀၂၄ စက်တင်ဘာလ ဝမ်ဘလေကွင်းမှာ ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်နောက်ပိုင်း အင်္ဂလန်အတွက် ပွဲထွက်ခွင့် မရတော့ပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက ပေါင်ခြံဒဏ်ရာနဲ့ တခြားဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့ မက်ဂွိုင်းယားဟာ ဇန်နဝါရီလမှာ အသင်းလူစာရင်းထဲ ပြန်ပါလာပြီးနောက်ပိုင်း ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနေတာပါ။
“အရင်က သူ ဒဏ်ရာကြောင့် အကြာကြီးနားခဲ့ရတာကို ပြန်ကြည့်ရင် ကျွန်တော်တို့အသင်းကို ရောက်လာတဲ့အချိန်မှာ သူက တန်းပြီး ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း အဆင်ပြေအောင် အပတ်တိုင်းမှာ သေချာစီမံပေးခဲ့ရပါတယ်” လို့ ကားရစ်က ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့ မက်ဂွိုင်းယား ပြန်ပါလာပြီးနောက်ပိုင်း မန်ယူအသင်းဟာ လိဂ်ပွဲ ၈ ပွဲမှာ ၁ ပွဲပဲ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့နောက် ပရီးမီးယားလိဂ် ဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
“မက်ဂွိုင်းယားက သူ့ရဲ့ အတွေ့အကြုံနဲ့ တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပါတယ်။ သူက ဘယ်လိုအခြေအနေမျိုးမှာ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ရွေးချယ်စရာ စာရင်းထဲမှာ သေချာပေါက် ပြန်ပါလာပါပြီ။ ကျွန်တော့်ဘက်က ကြည့်ရင်တော့ သူရွေးချယ်ခံရပြီး ကမ္ဘာ့ဖလားကို သွားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ ကားရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source : https://www.si.com/




