ပရီးမီးယားလိဂ်ကို တရားစွဲဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးရဲ့ အဓိကစပွန်ဆာ အီတီဟတ် လေကြောင်းလိုင်း

မန်စီးတီး ပရီးမီးယားလိဂ် အီတီဟတ်

မန်ချက်စတာစီးတီး အသင်းရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ အီတီဟတ် လေကြောင်းလိုင်း က ပရီးမီးယားလိဂ် ကို တရားဥပဒေအရ အရေးယူဖို့ စဥ်းစားနေတယ်လို့ ပြောဆိုလာပါတယ်။ ပရီးမီးယားလိဂ် ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်အားလုံးမှာ မန်စီးတီး အသင်း အပြစ်ရှိကြောင်း သီးခြားလွတ်လပ်တဲ့ ကော်မရှင်ကနေ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒီ သီးခြားလွတ်လပ်တဲ့ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ၂၀၀၉-၁၀ ဘောလုံးရာသီကနေ ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း မန်စီးတီး အသင်းဟာ ကလပ်ရဲ့ဝင်ငွေကို ပေါင် ၈၃၀ သန်းအထိ မတရားဖောင်းပွပြသဖို့အတွက် “လျှို့ဝှက်ရန်ပုံငွေ အစီအစဉ်” တစ်ခုအနေနဲ့ စီးပွားရေးမိတ်ဖက် အတော်များများနဲ့ “အမည်ခံ” စာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီစည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်တွေကို ကလပ်ဘက်က ဆက်လက်ငြင်းဆိုနေဆဲဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဖာရန် ဆိုရီယာနို ကတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဆီပေးပို့တဲ့ ဗီဒီယိုမက်ဆေ့ချ်မှာ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို “ပရီးမီးယားလိဂ် ရဲ့ လုပ်ကြံဖန်တီးမှု သီအိုရီတစ်ခု” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အခုအခါမှာတော့ ၂၀၀၉ ခုနှစ်ကတည်းက မန်စီးတီး ကို စပွန်ဆာပေးလာခဲ့တဲ့ အဘူဒါဘီ အစိုးရပိုင် အီတီဟတ် လေကြောင်းလိုင်း က “လေကြောင်းလိုင်းအနေနဲ့ မလျော်ကန်တဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့ ဘယ်လိုစစ်ဆေးတွေ့ရှိချက်၊ ကောက်ချက် ဒါမှမဟုတ် စွပ်စွဲချက်မျိုးကိုမဆို လုံးဝလက်မခံ ငြင်းပယ်ပါတယ်” လို့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ပရီးမီးယားလိဂ် အနေနဲ့ သူတို့နဲ့ လာရောက်ချိတ်ဆက် ဆွေးနွေးခဲ့ခြင်းမရှိသလို၊ သက်ဆိုင်ရာ အချက်အလက်တွေကို တင်ပြခွင့်လည်း မရခဲ့ဘူးလို့ ဆိုထားပါတယ်။

ဒါကြောင့် သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဥပဒေရေးရာ အကြံဉာဏ်တွေ ရယူနေပြီဖြစ်ပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ အီတီဟတ် ရဲ့ နာမည်ကို တိုက်ရိုက်ထည့်သွင်း ဖော်ပြမထားပေမဲ့ ဒီကိစ္စက သူတို့အတွက်တော့ “ထိခိုက်နစ်နာစေတဲ့ စွပ်စွဲချက်တွေ” ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့အတွက် Sky Sports News က ပရီးမီးယားလိဂ် ဘက်ကို ဆက်သွယ်ထားပါတယ်။

တစ်ဖက်မှာလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပေမဲ့ မန်စီးတီး ရဲ့ စပွန်ဆာတချို့ကတော့ အသင်းဘက်ကနေ ရပ်တည်ပေးနေကြပါတယ်။

Lucozade၊ Kellogg’s နဲ့ Revolut တို့က လုပ်ငန်းစဉ်တွေ ပြီးပြတ်ခြင်းမရှိသေးတဲ့အတွက် ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မှတ်ချက်မပေးလိုသေးဘူးလို့ Sky Sports News ကို ပြောကြားခဲ့ပါတယ်။

Majestic Wines ကတော့ မန်ချက်စတာစီးတီး နဲ့ စီးပွားရေးအရ ဆက်လက်လက်တွဲသွားမလားဆိုတဲ့အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Sky Sports News အနေနဲ့ Sure ၊ Durex ၊ EA Sports ၊ CP Company ၊ Britvic ၊ SilentNight ၊ OKX ၊ Gaucho နဲ့ Champneys တို့ဆီက တုံ့ပြန်ချက်တွေကို ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *