အင်တာမိုင်ယာမီ နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ စူပါစတား လီယွန်နယ် မက်ဆီ ဟာ စပိန် ဒုတိယတန်းကလပ် အယ်လ်ဒန်ဆီ ကို တရားဝင်လွှဲပြောင်းဝယ်ယူလိုက်ပြီဖြစ်ကြောင်း အဆိုပါကလပ်အသင်းက ကြာသပတေးနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အယ်လ်ဒန်ဆီ အသင်းကို လက်ရှိမှာ ကိုလံဘီယာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုဖြစ်တဲ့ Grupo TH က ပိုင်ဆိုင်ထားတာဖြစ်ပြီး ၎င်းတို့ဟာ ကိုလံဘီယာ နဲ့ ဆွစ်ဇာလန် တို့မှာလည်း ကလပ်အသင်းတွေ ပိုင်ဆိုင်ထားပါသေးတယ်။
“အားကစားသမိုင်းတစ်လျှောက် အထင်ရှားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူဟာ စပိန် ပရော်ဖက်ရှင်နယ်ဘောလုံးလောကထဲကို စီဒီ အယ်လ်ဒန်ဆီ အသင်းရဲ့ပိုင်ရှင်အဖြစ် ရောက်ရှိလာတာဟာ အသင်းရဲ့ အားကစားပိုင်း၊ အဖွဲ့အစည်းပိုင်းနဲ့ လူမှုအသိုက်အဝန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုရှေးရှုမဲ့ ရေရှည်စီမံကိန်းရဲ့ အစပျိုးခြင်းဖြစ်ပါတယ်” လို့ ကလပ်အသင်းဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြောင်းအရွှေ့ သဘောတူညီချက်ဟာ စပိန် အမျိုးသားအားကစားကောင်စီ (CSD) ရဲ့ အတည်ပြုချက်ရရှိဖို့တော့ လိုအပ်နေဆဲဖြစ်ပါတယ်။
အယ်လ်ဒန်ဆီ ဟာ ဘာစီလိုနာ နဲ့ အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မက်ဆီ အတွက် စပိန် နိုင်ငံအတွင်း ဒုတိယမြောက် ပိုင်ဆိုင်ခွင့်ရရှိတဲ့ ကလပ်အသင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း ဘာစီလိုနာ မြို့အခြေစိုက် ပဉ္စမတန်းကလပ် ကော်နယ်လာ ကို သူ ဝယ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပြီးပါပြီ။
ဒါပေမဲ့လည်း ကော်နယ်လာ ဟာ ကြေးစားတစ်ပိုင်း (အပျော်တမ်း) အဆင့်မှာပဲ ရှိနေသေးတာကြောင့် အယ်လ်ဒန်ဆီ ဟာ သူ ရင်းနှီးမြှုပ်နှံခွင့်ရတဲ့ နိုင်ငံတွင်း ပထမဆုံး ပရော်ဖက်ရှင်နယ် ကလပ်အသင်း ဖြစ်လာပါလိမ့်မယ်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီ ဟာ မိုင်ယာမီ အသင်းဖော် လူးဝစ် ဆွာရက်စ် နဲ့အတူ ဥရုဂွေး ကလပ် ဒီပေါ်တီဗို အယ်လ်အက်စ်အမ် မှာလည်း ရှယ်ယာတစ်စိတ်တစ်ပိုင်း ပါဝင်ပိုင်ဆိုင်ထားပါသေးတယ်။
လက်ရှိမှာ အသင်းနှစ်သင်းကြား ၃ တန်းလောက် ကွာဟနေတာကြောင့် အယ်လ်ဒန်ဆီ နဲ့ ကော်နယ်လာ တို့ကို ပိုင်ဆိုင်ထားမှုဟာ မကြာမီကာလအတွင်းမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်ခြေ နည်းပါးပါတယ်။
ဒါပေမဲ့ အကယ်၍ မက်ဆီ သာ နှစ်သင်းစလုံးရဲ့ မူလရှယ်ယာရှင်ဖြစ်နေမယ်ဆိုရင်တော့ စပိန် တော်ဝင်ဘောလုံးအဖွဲ့ချုပ် (RFEF) အနေနဲ့ အသင်းနှစ်သင်းလုံးကို လိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်တာကြောင့် ကော်နယ်လာ အသင်းနဲ့ပတ်သက်တဲ့ မက်ဆီ ရဲ့ ရည်မှန်းချက်တွေကို အကန့်အသတ်ဖြစ်စေမလားဆိုတာ စောင့်ကြည့်ရမှာပါ။
၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အယ်လ်ဒန်ဆီ ဟာ သမိုင်းတစ်လျှောက်လုံးနီးပါးကို စပိန် ထိပ်တန်းလိဂ်နှစ်ခုရဲ့ အပြင်ဘက်မှာပဲ ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။
သူတို့ဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ဒုတိယတန်းကို တန်းတက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ တန်းဆင်းခဲ့ရကာ ပြီးခဲ့တဲ့ နွေရာသီမှာမှ ထပ်မံတန်းတက်လာနိုင်ခဲ့တာပါ။
ဒီရာသီ ကစားပြီးခဲ့တဲ့ ၄ ပွဲစလုံးမှာ နိုင်ပွဲမရရှိခဲ့တာကြောင့် နည်းပြဖြစ်သူ ကလောဒီယို ဘာရာဂန် ဟာ အခုသီတင်းပတ်အစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းမှာ နည်းပြမရှိတဲ့ အခြေအနေဖြစ်နေပါတယ်။
အယ်လ်ဒန်ဆီ ဟာ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို အယ်လ်ဒါ မြို့မှာရှိတဲ့ ပရိသတ် ၅,၇၇၆ ဦးသာ ဆံ့တဲ့ နျူဗို ပီပီကို အာမက် ကွင်းမှာ ကစားကြပါတယ်။
ဒါဟာ အလီကန်တေ အခြေစိုက် အသင်းအတွက် ပြီးခဲ့တဲ့တစ်နှစ်အတွင်း တတိယမြောက် အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။
Source : https://www.espn.com.sg/




