ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလာဟာ ဒီနွေရာသီမှာ လီဗာပူးအသင်းကနေ ထွက်ခွာတော့မှာပါ။ သူဟာ အသင်းအတွက်ရော၊ ပရီးမီးယားလိဂ်အတွက်ပါ ဂန္ထဝင်မြောက်တဲ့ မှတ်တမ်းကောင်းတွေ အများကြီး ချန်ထားခဲ့တာပါ။
ဆာလာရဲ့ စံချိန်တွေက သူ့ရဲ့ အရည်အချင်းကို သက်သေပြနေသလို ‘အီဂျစ်ဘုရင်’ လို့ တင်စားကြတဲ့ အမ်ဖီးလ်ရဲ့ အိုင်ကွန်အတွက် ကိန်းဂဏန်းတွေထက် ပိုတဲ့ အနှစ်သာရတွေ ရှိနေပါတယ်။ သူဟာ ၂၀၁၇ ဇွန်လမှာ အေအက်စ်ရိုးမားကနေ ပေါင် ၃၄ သန်းနဲ့ ရောက်လာခဲ့တာပါ။ အခုပြန်ကြည့်ရင်တော့ ဒီဈေးနှုန်းဟာ သူပေးဆပ်ခဲ့တာတွေနဲ့စာရင် တကယ့်ကို တန်လွန်းနေပါတယ်။
အရင်က ချဲလ်ဆီးမှာ ဒီဘရိုင်းနား လိုပဲ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆာလာဟာ လီဗာပူးကို ရောက်လာပြီးနောက်မှာတော့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား စတဲ့ ဆုဖလားအားလုံးကို သိမ်းပိုက်ပေးခဲ့ပါတယ်။ ဘာဆယ်လ်အသင်းကနေ စတင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းဟာ ချဲလ်ဆီး၊ ဖီအိုရင်တီးနားနဲ့ ရိုးမားတို့ကို ဖြတ်သန်းပြီးနောက် လီဗာပူးမှာတော့ အပြီးပြည့်စုံဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဆာလာဟာ လီဗာပူးအတွက် ၄၃၅ ပွဲမှာ ၂၅၅ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် တတိယမြောက် ဂိုးအများဆုံး ကစားသမား ဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း ၂၈၁ ကြိမ်အထိ ပြုလုပ်ထားနိုင်လို့ ဝိန်းရွန်နီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ကလပ်အသင်းတစ်သင်းတည်းအတွက် ပါဝင်ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
သူဟာ မာနေး၊ ဖေမီနိုတို့နဲ့အတူ ကမ္ဘာ့အကြောက်ရဆုံး တိုက်စစ်အတွဲအဖက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဆာလာရဲ့ ကြံ့ခိုင်မှုကလည်း အံ့မခန်းပါပဲ။ လီဗာပူးမှာ ၇ ရာသီကျော် ကစားခဲ့တဲ့တစ်လျှောက် ပုံစံကောင်းကို အမြဲထိန်းထားနိုင်ခဲ့ပါတယ်။ နည်းပြ ယာဂန် ကလော့ပ် ရဲ့ တိုက်စစ်ပုံစံဟာ ဆာလာအတွက် အကောင်းဆုံး ဖြစ်ခဲ့သလို၊ နည်းပြသစ် အာနယ် စလော့ လက်ထက်မှာလည်း အသင်းကို အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ သူ့ရဲ့ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇူလိုင်လက သူနဲ့ ရင်းနှီးတဲ့ အသင်းဖော် ဒီယိုဂို ဂျိုတာ ကားအက်စီးဒင့်နဲ့ ကွယ်လွန်သွားခဲ့တာက ဆာလာကို စိတ်ပိုင်းဆိုင်ရာအရ အများကြီး ထိခိုက်စေခဲ့ပုံရပါတယ်။ အဲ့ဒီနောက်ပိုင်း နည်းပြ စလော့နဲ့လည်း အဖုအထစ်အချို့ ရှိခဲ့ပြီး အသင်းက သူ့ကို ပစ်ပယ်ထားသလို ခံစားရကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆာလာဟာ လီဗာပူးအသင်းရဲ့ အင်္ကျီနီကို ဝတ်ဆင်ခဲ့သမျှထဲမှာ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ် ထာဝရ မှတ်တမ်းဝင်နေမှာပါ။
Source : https://www.bbc.com/




