အီဂျစ်တိုက်စစ်မှူး ဆာလာက ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပေမဲ့ ကာရေဂါကတော့ ဆာလာရဲ့ အန်ဖီးလ်ကွင်းနောက်ဆုံးပွဲကို ကြည့်ဖို့ စိတ်မဝင်စားဘူးလို့ ဝန်ခံလိုက်ပါတယ်။ လီဗာပူးဂန္ထဝင် ကာရေဂါကတော့ ဆာလာအနေနဲ့ ဒီထက်ပိုပြီး ခမ်းနားတဲ့ နှုတ်ဆက်ပွဲမျိုးကိုပဲ ရည်မှန်းသင့်တယ်လို့ ယုံကြည်နေပြီး ဘူဒါပက်မှာကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းကို အောင်ပွဲရအောင် ကူညီပေးရင်း နှုတ်ဆက်သွားတာမျိုးကိုပဲ မြင်ချင်နေတာပါ။
၂၀၂၅-၂၆ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းကို အင်္ဂါနေ့ညမှာ ဆာလာကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့လို့ ဘောလုံးလောကတစ်ခုလုံး အံ့အားသင့်သွားခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆာလာဟာ လီဗာပူးအတွက် ၂၅၅ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူတွေစာရင်းမှာ တတိယနေရာမှာ ရှိနေသူပါ။ သူထွက်ခွာသွားတာဟာ လီဗာပူးအတွက် ဆုဖလားအစုံအလင် ရယူပေးနိုင်ခဲ့တဲ့ ခေတ်တစ်ခေတ် ကုန်ဆုံးသွားတာလည်း ဖြစ်ပါတယ်။
၉ နှစ်ကြာအောင် အသင်းမှာ ကစားပေးခဲ့ပြီးနောက် ဒီမြို့နဲ့ သူနဲ့ကြားက သံယောဇဉ်တွေအကြောင်းကိုလည်း ဆာလာက နှုတ်ဆက်ဗီဒီယိုထဲမှာ စိတ်မကောင်းစွာနဲ့ ပြောပြထားပါသေးတယ်။ ပရိသတ်တွေကတော့ ဘရန့်ဖို့ဒ်နဲ့ ကစားမဲ့ ရာသီနောက်ဆုံးပွဲမှာ ဆာလာကို နှုတ်ဆက်ဖို့ ပြင်ဆင်နေကြပေမဲ့ ကာရေဂါကတော့ ဆာလာအတွက် တခြားနှုတ်ဆက်ပွဲမျိုးကို စိတ်ကူးထားတာပါ။
“ကျွန်တော်တစ်ခုတော့ ဝန်ခံချင်ပါတယ်။ ဆာလာရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကို ဂုဏ်ပြုပေးမှာဖြစ်ပေမဲ့ မေလမှာကစားမဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်က အန်ဖီးလ်နှုတ်ဆက်ပွဲကြီးမှာတော့ ကျွန်တော် မပါဝင်ချင်ဘူး” လို့ ကာရေဂါက Telegraph ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။
“လီဗာပူးပရိသတ်တိုင်းက ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နှုတ်ဆက်ပွဲမျိုးကိုပဲ မျှော်လင့်နေကြတာပါ။ ဆာလာရဲ့ စိတ်ဓာတ်နဲ့ အနိုင်လိုချင်စိတ်ကို သိနေတဲ့အတွက် သူဟာ တစ်ပတ်အကြာမှာကစားမဲ့ ဘူဒါပက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းကို ဗိုလ်စွဲအောင် လုပ်ပေးပြီးမှ အကောင်းဆုံး နှုတ်ဆက်သွားဖို့ ရည်မှန်းထားမှာပါ” လို့ သူက ဆိုပါတယ်။
အခုလို နှုတ်ဆက်ချိန်ရောက်နေပေမဲ့ ဒီရာသီမှာ အသင်းတွင်း ပြဿနာအချို့တော့ ရှိခဲ့ပါသေးတယ်။ အာနယ် ဆလော့တ် လက်အောက်မှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆာလာက မကျေနပ်ချက်တွေ ပြောခဲ့တုန်းက ကာရေဂါက “ရှက်ဖို့ကောင်းတယ်” လို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ ကာရေဂါက အရင်က အငြင်းပွားမှုတွေကို ဘေးဖယ်ထားပြီး ဆာလာရဲ့ တကယ့်စွမ်းဆောင်ရည်ကိုပဲ အမွှမ်းတင် ချီးကျူးလိုက်ပါတယ်။
“အင်္ဂလန်မှာ လာကစားတဲ့ နိုင်ငံခြားသား တိုက်စစ်မှူးတွေထဲမှာ ဆာလာထက် ပိုကောင်းတာဆိုလို့ သီယာရီ ဟင်နရီ တစ်ယောက်ပဲ ရှိပါတယ်။ စီရော်နယ်လ်ဒို၊ ဟာဇက်၊ ဇိုလာ၊ ဘားကမ့် ဒါမှမဟုတ် ကန်တိုနာတို့နဲ့ နှိုင်းယှဉ်စရာတွေ ရှိနိုင်ပေမဲ့ ဘယ်သူကမှ ရာသီတိုင်းမှာ ဆာလာလောက် ဂိုးတွေအများကြီးကို တစိုက်မတ်မတ် မသွင်းနိုင်ခဲ့ဘူး” လို့ ကာရေဂါက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
Source : https://www.goal.com/




