ထရက်ဘ်ဇွန်စပေါ် က ဆာလာ ကို ဘယ်လို ခေါ်ယူနိုင်ခဲ့သလဲ

ဆာလာ ထရက်ဘ်ဇွန်စပေါ် အပြောင်းအရွှေ့

ထရက်ဘ်ဇွန်စပေါ် ရဲ့ ပါပါရာပတ်ခ် ကွင်းထဲမှာ ပရိသတ်သောင်းနဲ့ချီ ရှေ့မှောက် ၂ နှစ်စာချုပ် ချုပ်ဆိုချိန်မှာတော့ အီဂျစ်ကြယ်ပွင့်ဘေးက ကလပ်ဥက္ကဋ္ဌ အာတူဂရူ ဒိုဂန် တစ်ယောက် အပြုံးမပျက်နိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကြောင့်ပဲ သူဟာ အကြီးမားဆုံးအပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီဆိုတာ သေချာသွားခဲ့ပါပြီ။

“သူက ကမ္ဘာ့အကြီးကျယ်ဆုံး မွတ်စလင်ဘောလုံးသမားဖြစ်သလို သြဇာကြီးတဲ့ စံပြပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဆာလာ ရဲ့ စာချုပ်ချုပ်ဆိုပွဲကို လူပေါင်း ၃၅,၀၀၀ ရှေ့မှာ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့အပြုအမူတိုင်းကနေ ဒီချစ်ခြင်းမေတ္တာကိုခံစားမိတာ သိသာသလို ကျွန်တော်တို့ကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်” လို့ သူက ဘီဘီစီ ကို ပြောပြခဲ့ပါတယ်။

ဒါဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်မရှိတဲ့အပြင် ၁၉၇၀ နဲ့ ၁၉၈၀ အလွန်နောက်ပိုင်း တူရကီလိဂ်ဖလား တစ်ကြိမ်သာ ရဖူးသေးတဲ့ ထရက်ဘ်ဇွန်စပေါ် ဆီ လာဖို့ ဆာလာ ကို ဒိုဂန် က ဘယ်လို စည်းရုံးခဲ့ပါသလဲ။

‘ကျွန်တော် ဘာလို့ ထရက်ဘ်ဇွန်စပေါ် ကို ရွေးရမှာလဲ’

ပင်လယ်နက်ကမ်းခြေမှာတည်ရှိတဲ့ ထရက်ဘ်ဇွန် မြို့ဟာ တူရကီ ရဲ့ အရှေ့မြောက်ဘက် ဂျော်ဂျီယာနယ်စပ်နားမှာ ရှိပါတယ်။ လူဦးရေ ၈ သိန်းဝန်းကျင်ပဲရှိပြီး တိုင်းပြည်ရဲ့ အကြီးဆုံးမြို့ ၂၀ စာရင်းထဲတောင် မပါပါဘူး။

ဒါပေမဲ့ ဒိုဂန် ကတော့ ထူးခြားတဲ့ အချက်တစ်ခုရှိတယ်လို့ ဆိုပါတယ်။ “ထရက်ဘ်ဇွန်စပေါ် နဲ့ ဒီမြို့အကြောင်း ကျွန်တော် အမြဲပြောလေ့ရှိတာက ကမ္ဘာပေါ်မှာ ကလပ်တစ်ခုတည်းအတွက်ပဲ ရပ်တည်တဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ ဆာလာ က ‘ကျွန်တော် အခု ဘာလို့ ထရက်ဘ်ဇွန်စပေါ် ကို ရွေးရမှာလဲ’ လို့ မေးခဲ့တုန်းက ‘အရင်က တစ်ခါမှ မကြုံဖူးတဲ့ ပရိသတ်တွေနဲ့ တွေ့ရမယ်၊ သူတို့ရင်ထဲက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားရမယ်’ လို့ ကျွန်တော်တို့ ရှင်းပြခဲ့ပါတယ်”

၁၉၇၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒိုဂန် ဟာ ထရက်ဘ်ဇွန် မြို့သားစစ်စစ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ အသင်း လိဂ်ချန်ပီယံဖြစ်ပြီး သိပ်မကြာခင် ၂၀၂၃ မှာ သူ ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ

သူ့လက်ထက်မှာ အသင်းဟာ စူပါလိဂ်မှာ အဆင့် ၃၊ အဆင့် ၇ နဲ့ အဆင့် ၃ နေရာတွေ ရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီက နည်းပြ ဖာတစ် တက်ကီ လက်အောက်မှာ တူရကီဖလား ရရှိခဲ့ပါတယ်

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကမ္ဘာတစ်ဝန်းက ထူးချွန်တဲ့ လူငယ်ကစားသမားတွေ လာချင်တဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဖို့ပါ။ သူတို့ကို အဆင့်မြှင့်တင်ပေးပြီး ဥရောပကလပ်ကြီးတွေဆီ ပို့ပေးချင်ပါတယ်။ ဒီလူငယ်တွေနဲ့ အတူတွဲပေးဖို့ လူနေမှုပုံစံ၊ ကျွမ်းကျင်မှု၊ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ပြည့်ဝနေတဲ့ စတားကစားသမားတွေလည်း လိုအပ်ပါတယ်။ ဒီနေရာမှာ မိုဟာမက် ဆာလာ က အကောင်းဆုံး စံပြပါပဲ” လို့ ဒိုဂန် က ဆိုပါတယ်

ငွေကြေးနဲ့ တန်ဖိုးဖြတ်မရတဲ့ အာရုံစိုက်မှု

ရာသီပိတ်ကာလမှာ ထရက်ဘ်ဇွန်စပေါ် ဟာ ကွင်းလယ်လူ အိုလိုင် ကို ဖီအိုရင်တီးနား ဆီ၊ တိုက်စစ်မှူး ဖိလစ်ပီ အော်ဂတ်စတို ကို ဇင်းနစ် ဆီ အမြတ်များစွာနဲ့ ရောင်းထုတ်ခဲ့ပါတယ်။ သူတို့နေရာမှာ ဥရောပတိုက်က လူငယ်တွေကို အစားထိုးခဲ့ပေမဲ့ အတွေ့အကြုံရှိ ကစားသမားတွေနဲ့ ထိန်းညှိဖို့ ဒိုဂန် က ဆန္ဒရှိနေဆဲပါ

မန်ချက်စတာ ယူနိုက်တက် ကနေ ကင်မရွန်းဂိုးသမား အန်ဒရေ အိုနာနာ ကို အငှားထပ်ခေါ်နိုင်ခဲ့ပေမဲ့ ဆာလာ ရဲ့ အပြောင်းအရွှေ့ကတော့ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်

“ဒီအပြောင်းအရွှေ့ကြောင့် ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာမှုကို ငွေကြေးနဲ့ တိုက်ရိုက်တန်ဖိုးဖြတ်ဖို့ မလွယ်ပါဘူး” လို့ ဒိုဂန် က ရှင်းပြပါတယ်ဆာလာ ဟာ တစ်နှစ် ယူရို ၁၇ သန်းနဲ့ သူ့နာမည်ပါ အမှတ်တရပစ္စည်း ရောင်းရငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်

“ငွေကြေးသက်သက် အမြင်ကဆိုရင် ဒီအပြောင်းအရွှေ့က တိုက်ရိုက် အကျိုးအမြတ် သိပ်မရှိပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကို ကမ္ဘာ့အကြီးကျယ်ဆုံး စတားတစ်ယောက် ယူလာပေးမယ်လို့ ပြောခဲ့ပါတယ်”

ကြေညာပြီး ၄ ရက်၊ ၅ ရက်အတွင်း ရောင်းချခဲ့ရတဲ့ ရာသီလက်မှတ်တွေကနေ ဆာလာ ရဲ့ လုပ်ခလစာ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာမိသွားခဲ့ပါတယ်။ မူလက လက်မှတ် ၂၅,၀၀၀ ရောင်းဖို့မှန်းထားပေမဲ့ ၃၀,၀၀၀ ကျော်အထိ ရောက်ဖို့ မျှော်မှန်းထားသလို ကုမ္ပဏီကြီးတွေကလည်း ဆက်သွယ်လာနေကြပါပြီ

‘တစ်မြို့လုံးက ဘောလုံးအတွက်ပဲ အသက်ရှင်ကြတာပါ’

လီဗာပူး မှာ ၉ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးဖြစ်တဲ့ ဆာလာ ကို ထရက်ဘ်ဇွန်စပေါ် က ရရှိသွားတာဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်

လူအများစုက သူ့ကို ဆော်ဒီလိဂ်ဒါမှမဟုတ် မေဂျာလိဂ်ဆီ သွားမယ်လို့ ထင်ထားကြတာပါ။ ဒါပေမဲ့ ဆွေးနွေးမှုတွေ စတင်ချိန်မှာတော့ သဘောတူညီမှုက အလွန်မြန်ဆန်ခဲ့တယ်လို့ ဒိုဂန် က ဆိုပါတယ်

“စကားစပြောကတည်းက နှစ်ဖက်စလုံး ရိုးသားစွာ ချဉ်းကပ်ခဲ့ကြတာပါ။ ကမ္ဘာ့ဖလားကတည်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပေမဲ့ တခြားကလပ်တွေနဲ့ စကားပြောနေတာကိုလည်း ကျွန်တော်တို့ သိပါတယ်”။

တူရကီက တခြားကလပ်တွေ လက်လျှော့လိုက်ပြီးနောက် Zoom ကတစ်ဆင့် ဆွေးနွေးခဲ့ကြပြီး ၅ ရက်၊ ၆ ရက်အတွင်း အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်

ထရက်ဘ်ဇွန်စပေါ် ဟာ ဆေးစစ်မှုကို အစ္စတန်ဘူလ် မှာ ပြုလုပ်ခဲ့ပြီး လေဆိပ်မှာ ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ သူဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ကာဆင်ပါဆာ နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပွဲထွက်ခဲ့ပြီး တနင်္ဂနွေနေ့မှာ အိမ်ကွင်းပွဲဦးထွက် ကစားဖို့ ရှိနေပါတယ်

“တစ်မြို့လုံးက ဘောလုံးအတွက်ပဲ အသက်ရှင်ကြတာပါ။ ဘယ်နေရာသွားသွား ကစားသမားတစ်ယောက်အတွက် စွမ်းအင်နဲ့ ပျော်ရွှင်မှုကို အပြည့်အဝ ပေးနိုင်ပါတယ်” လို့ ဒိုဂန် က ပြောဆိုသွားခဲ့ပါတယ်

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *