အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်တာ၊ မပြိုင်တာကို ဂရုမစိုက်ဘူးလို့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
အီရန်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ထားပြီး လော့စ်အိန်ဂျလိစ်နဲ့ ဆီယက်တဲလ်မြို့တွေမှာ ပွဲစဉ်တွေကစားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် အီရန်ခေါင်းဆောင်တွေ သေဆုံးခဲ့ရပြီး အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာတာကြောင့် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာတွေ ရှိနေပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အီရန်က ကမ္ဘာ့ဖလားကို အသင်းစေလွှတ်မှာလား၊ ဒါမှမဟုတ် အမေရိကန်အစိုးရက အီရန်အသင်း လာရောက်ယှဉ်ပြိုင်မှုကို ကန့်သတ်ပိတ်ပင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပိုလစ်တီကို (Politico) နဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်ကို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ သူက “ကျွန်တော် တကယ်ပဲ ဂရုမစိုက်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သူက “အီရန်ဟာ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတဲ့ နိုင်ငံတစ်ခုပါ။ သူတို့ဟာ အင်အားကုန်သလောက် ဖြစ်နေပါပြီ” လို့လည်း ဆိုပါတယ်။
သူ့ရဲ့ ပြောကြားချက်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ သတင်းစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ FIFA ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတွေကနေ ပရိသတ်တွေအထိ လူတိုင်းကို “ကြိုဆိုပါတယ်” လို့ ကမ္ဘာကို အာမခံထားတာပါ။
ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဟာ အရင်တုန်းကတော့ ဒီသဘောထားကို ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ စနေနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အီရန်ရဲ့ ကမ္ဘာ့ဖလားပါဝင်မှုနဲ့ ပတ်သက်ပြီး သူက ပထမဆုံးအကြိမ်အဖြစ် အခုလိုမျိုး သဘောထား ပြောင်းလဲပြောဆိုလိုက်တာပါ။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ မေးမြန်းရာမှာတော့ သမ္မတ ပြောခဲ့တဲ့အတိုင်းပဲ ဖြစ်တယ်လို့ The Athletic ကို ဖြေကြားခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ ကမ္ဘာ့ဖလားလုပ်ငန်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး အန်ဒရူး ဂျူလီယာနီ (Andrew Giuliani) ရဲ့ ပြောကြားချက်ကိုပဲ ကိုးကားခဲ့ပါတယ်။ အန်ဒရူးက အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုကို ထောက်ခံထားပြီး ဒါဟာ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားနိုင်မှာဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားကို လာရောက်ကြမဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် သန်းနဲ့ချီတဲ့ လူတွေကို အကာအကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားတာ မရှိသေးသလို FIFA ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
FIFA အထွေထွေအတွင်းရေးမှူးချုပ် မားတီးရပ်စ် ဂရပ်ဖ်စထရမ် (Mattias Grafström) ကတော့ စနေနေ့က တိုက်ခိုက်မှုတွေ စတင်ပြီး နာရီပိုင်းအကြာမှာပဲ “ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က လူတိုင်းပါဝင်ပြီး ဘေးကင်းလုံခြုံတဲ့ ကမ္ဘာ့ဖလားပွဲဖြစ်ဖို့ပါ” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် FIFA နဲ့ နီးစပ်သူတစ်ဦးကလည်း အီရန်အသင်း ပါဝင်ယှဉ်ပြိုင်မဲ့ အစီအစဉ်တွေက အပြောင်းအလဲ မရှိသေးဘူးလို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီအပတ်အတွင်း အတ္တလန်တာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလား စီစဉ်ရေး အစည်းအဝေးမှာ အီရန်ကိုယ်စားလှယ်တွေ တက်ရောက်ခြင်း မရှိတာကို သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ပါတယ်။
သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ အီရန်ကိုယ်စားလှယ်တွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် တက်ရောက်နိုင်ပေမဲ့ အီရန်နိုင်ငံအတွင်း အင်တာနက်ပြတ်တောက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် အခက်အခဲရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် FIFA အနေနဲ့ အစည်းအဝေးမှတ်တမ်းတွေကို မတက်ရောက်နိုင်သူတွေဆီ ပြန်လည်ပေးပို့သွားမှာပါ။
အမေရိကန် လွှတ်တော်အမတ် ဒါရင် လာဟုဒ် (Darin LaHood) ကတော့ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
“အီရန်အသင်းဟာ တော်တော်လေး ကောင်းမွန်တဲ့ အသင်းပါ။ သူတို့ဟာ ခက်ခဲတဲ့ အုပ်စုကနေ ခြေစစ်ပွဲအောင်မြင်လာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ကာတာကမ္ဘာ့ဖလားမှာလိုပဲ သူတို့ဟာ ကမ္ဘာ့ဖလားမှာ ကစားဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကိစ္စတွေကို ခဏဖယ်ထားပြီး အားကစားကိုပဲ သီးသန့်ကြည့်မယ်ဆိုရင် သူတို့ လာရောက်ယှဉ်ပြိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။
အီရန်အသင်းသားတွေဟာ အစိုးရရဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိတာကြောင့် အားကစားအသင်းတွေကို ရက်စက်တဲ့ အစိုးရတွေနဲ့ သီးသန့်ခွဲခြားမြင်ရမယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
အမေရိကန် ဘောလုံးအဖွဲ့ချုပ် (USSF) ရဲ့ စီအီးအို ဂျေတီ ဘတ်ဆန် (J.T. Batson) ကလည်း အီရန်အသင်း လာရောက်ကစားတာကို သူတို့အဖွဲ့ချုပ်က အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

“FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ပြောခဲ့သလိုပဲ အသင်းအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မဲ့ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာ့ဖလား ဖြစ်လာဖို့ ကျွန်တော်တို့ ထောက်ခံပါတယ်။ ကျွန်တော်တို့ဟာ အီရန်အသင်းနဲ့ ကမ္ဘာ့ဖလားမှာ အကြိမ်ကြိမ် ကစားဖူးပါတယ်။ တခြားပြိုင်ဘက် အသင်းတွေလိုပဲ ကျွန်တော်တို့ရဲ့ ပန်းတိုင်က အနိုင်ယူဖို့ပါပဲ” လို့ ဘတ်ဆန်က ဆိုပါတယ်။
အကယ်၍ အီရန်အသင်းက ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ FIFA ရဲ့ စည်းမျဉ်းတွေအရ အစားထိုးအသင်း ခေါ်ယူတာ ဒါမှမဟုတ် ပြိုင်ပွဲအစီအစဉ်ကို ပြင်ဆင်တာတွေကို FIFA က ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Source : www.nytimes.com/




