၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ မင်းသားကြီး ရှောင်ပန်း (Sean Penn) က နောက်ထပ် အော်စကာဆုတစ်ခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့အတူ “One Battle After Another” ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာ ပေါလ် သောမတ်စ် အန်ဒါဆန် (Paul Thomas Anderson) တို့ကတော့ ပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
ရှောင်ပန်းက “One Battle After Another” ဇာတ်ကားထဲက Colonel Lockjaw နေရာနဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိခဲ့တာပါ။ သူဟာ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ Delroy Lindo ၊ Jacob Elordi ၊ Stellan Skarsgard နဲ့ သူ့ရဲ့ ဇာတ်ကားဖော် Benecio del Toro တို့လို ထိပ်တန်းသရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး အခုလို ရရှိခဲ့တာဖြစ်ပါတယ်။ မနှစ်က ဆုရှင် Kieran Culkin က ဆုကြေညာပေးခဲ့ပြီး ရှောင်ပန်း ပွဲမတက်နိုင်တဲ့အပေါ် “ရှောင်ပန်း ဒီည ဒီမှာ မရှိနိုင်ဘူး၊ ဒါမှမဟုတ် မလာချင်တာလည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် သူ့ကိုယ်စား ကျွန်တော်ပဲ ဆုယူပေးလိုက်မယ်” လို့ စနောက်ပြီး ပြောသွားခဲ့ပါတယ်။
အခုရရှိတဲ့ဆုဟာ ရှောင်ပန်းအတွက် ပထမဆုံး အကောင်းဆုံး ဇာတ်ပို့မင်းသားဆုဖြစ်ပြီး စုစုပေါင်းဆိုရင် ၃ ကြိမ်မြောက် အော်စကာ သရုပ်ဆောင်ဆု ရရှိခြင်းပါ။ သူဟာ အရင်က ၂၀၀၈ ခုနှစ်ထွက် “Milk” နဲ့ ၂၀၀၃ ခုနှစ်ထွက် “Mystic River” ဇာတ်ကားတွေနဲ့ အကောင်းဆုံး မင်းသားဆု ၂ ကြိမ် ရရှိဖူးပါတယ်။ ဒီနိုင်ပွဲကြောင့် ရှောင်ပန်းဟာ ဂျက် နစ်ကိုလ်ဆန် (Jack Nicholson) နဲ့ ဒန်နီယယ် ဒေး-လူးဝစ် (Daniel Day-Lewis) တို့လို အော်စကာ သရုပ်ဆောင်ဆု ၃ ကြိမ်စီ ရရှိထားတဲ့ ဂန္ထဝင်မင်းသားကြီးတွေရဲ့ စံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။
ရှောင်ပန်း အခုလို အော်စကာဆုပေးပွဲကို မတက်ရောက်နိုင်တာက ယူကရိန်းကို သွားဖို့အတွက် ဥရောပကို ရောက်နေလို့ ဖြစ်ပါတယ်။ သူဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းဘက်ကနေ အခိုင်အမာ ရပ်တည်ပေးခဲ့သူပါ။ စစ်ပွဲအခြေအနေကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့သလို ယူကရိန်းသမ္မတ ဇလန်းစကီး (Zelensky) ကိုလည်း သူ့ရဲ့ အော်စကာဆုတစ်ဆု လက်ဆောင်ပေးပြီး ထောက်ခံမှု ပြသခဲ့ပါသေးတယ်။ အခုတစ်ခေါက် ယူကရိန်းကို ဘာအတွက် သွားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
Source : https://www.newsweek.com/




