၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ပါဝင်မလားဆိုတာ စကာလိုနီ အတည်မပြုနိုင်သေးဘဲ “သူကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ” လို့ ဆို

မက်ဆီ ၂၀၂၆ ကမ္ဘာ့ဖလား

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီ ပါဝင်ကစားဖို့ ရှိ၊ မရှိကို အခုထိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ အင်တာမိုင်ယာမီကြယ်ပွင့် မက်ဆီအပေါ် ဖိအားမသက်ရောက်စေဖို့အတွက် ဒီဆုံးဖြတ်ချက်ဟာ ကစားသမားအပေါ်မှာပဲ လုံးဝမူတည်တယ်လို့ နည်းပြက ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာဘွန်ဘိုနီရာကွင်းမှာ မော်ရီတေးနီးယားဇမ်ဘီယာတို့နဲ့ ကစားမဲ့ ခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေချိန်မှာ မက်ဆီရဲ့ အခြေအနေက အဓိက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ စကာလိုနီက “ဒါက သူ့ကို မေးရမဲ့ မေးခွန်းပါ။ ကျွန်တော်ကတော့ သူရှိနေစေချင်ပေမဲ့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ။ သူဟာ စိတ်အေးလက်အေး ဆုံးဖြတ်နိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အလောတကြီး မရှိပါဘူး။ သူ ‘Yes’ လို့ ပြောလာဖို့ပဲ မျှော်လင့်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ နည်းပြဖြစ်သူက သူ့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စထက် လက်ရှိမှာ ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားတယ်လို့လည်း ဆိုပါတယ်။

မော်ရီတေးနီးယားနဲ့ပွဲမှာ လူငယ်ကစားသမားသစ်တွေကို စမ်းသပ်သုံးစွဲသွားမှာဖြစ်ပြီး မက်ဆီကတော့ ပွဲထွက်မှာလား၊ လူစားဝင်ကစားမှာလားဆိုတာ မသေချာပေမဲ့ ပါဝင်ကစားမှာ ဖြစ်ပါတယ်။ အန်ဂျယ် ဒီမာရီယား အသင်းကို ပြန်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ စကာလိုနီက အပြတ်ငြင်းဆိုလိုက်ပြီး ဒီမာရီယားရဲ့ နိုင်ငံတကာကစားသမားဘဝ အဆုံးသတ်သွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *