ဗုဒ္ဓဟူးနေ့ညက ပါ့ခ်ဒီပရင်စတေးဒီယံမှာ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းက ဒူအီ နဲ့ ခဗာရက်စ်ခီလီယာ တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးကို အနိုင်ရရှိသွားပါတယ်။ ဒူအီ က ပွဲအစောပိုင်းမှာတင် ကံကောင်းထောက်မစွာနဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ခဗာရက်စ်ခီလီယာက ပီအက်စ်ဂျီအတွက် ဒုတိယမြောက် အဖိုးတန်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲမှာ အလက်ဇန္ဒား အိုက်ဆက်ကို လူစားလဲကစားသမားအဖြစ် ပြန်လည်အသုံးပြုခဲ့ပေမဲ့ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် လာမဲ့အင်္ဂါနေ့ အန်ဖီးလ်ကွင်းမှာ ဂိုးပြတ်ပြန်နိုင်ဖို့ လိုအပ်နေပါတယ်။ ဒီပွဲမှာ နည်းပြ အာနယ် စလော့က ကိုင် ဟာဗက်ဇ်နဲ့ ကာတစ်ဂျုံးစ်တို့နေရာမှာ ဖရင်ပေါင်နဲ့ အလက်ဆစ် မက် အယ်လစ္စတာတို့ကို အစားထိုးပြီး ပွဲထွက်စေခဲ့တာပါ။
ပွဲအစပိုင်းမှာ ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူထားပေမဲ့ လီဗာပူးခံစစ်က တောင့်ခံထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၁ မိနစ်မှာတော့ ဂရာဗင်ဘာ့ချ် ဖျက်ထုတ်လိုက်တဲ့ဘောလုံးက ဒူအီဆီ ရောက်သွားပြီး ကန်သွင်းရာမှာ ဂရာဗင်ဘာ့ချ်နဲ့ပဲ ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာပါ။ အဲ့ဒီနောက် လီဗာပူးတို့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ လီဗာပူးဂိုးသမား မာမာဒတ်ရှ်ဗီလီကလည်း ခဗာရက်စ်ခီလီယာနဲ့ ဒူအီတို့ရဲ့ အန္တရာယ်ရှိတဲ့ ကန်ချက်တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဂျာအို နေးဗက်စ်ရဲ့ လှပတဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ခဗာရက်စ်ခီလီယာက ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး အပိုင်ကန်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ပီအက်စ်ဂျီတို့ ပင်နယ်တီရမလို ဖြစ်ခဲ့ပေမဲ့ VAR ကြည့်ပြီးနောက် ပယ်ဖျက်ခံခဲ့ရပါတယ်။ လီဗာပူးဘက်က အိုက်ဆက်အပါအဝင် လူစားလဲမှု ၄ ဦးအထိ လုပ်ခဲ့ပေမဲ့ ဂိုးပြန်မရခဲ့ဘဲ ဒမ်ဘီလီရဲ့ ကန်ချက်တိုင်ထိထွက်သွားလို့သာ ၂ ဂိုးတည်းနဲ့ ပွဲပြီးခဲ့တာပါ။ အခုတော့ လီဗာပူးတို့ ချန်ပီယံလိဂ်မှာ ဆက်ရှိနေဖို့အတွက် အန်ဖီးလ်မှာ နောက်ထပ် အံ့ဖွယ်ညတစ်ညကို ဖန်တီးပြဖို့ လိုအပ်နေပါပြီ။
Source : https://www.liverpoolfc.com/




