မန်ချက်စတာစီးတီး အသင်းက အာဆင်နယ် ကို အနိုင်ရတဲ့ပွဲအပြီး အောင်ပွဲခံတာတွေ ပိုလွန်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို နည်းပြ ပက် ဂွါဒီယိုလာ က “မိုက်မဲတယ်” လို့ တုံ့ပြန်လိုက်ပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ပွဲအပြီး တုံ့ပြန်မှုကို ဝိန်း ရွန်နီ က ဝေဖန်ခဲ့တာပါ။
မန်စီးတီး ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်တီဟတ်ကွင်း မှာ အာဆင်နယ် ကို ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာ တပ်ဖ်မူးရား ကွင်းမှာ ဘန်လေ နဲ့ ကစားရမှာပါ။ အဲ့ဒီပွဲမှာ နိုင်ရင် ဇယားထိပ်ကို တက်နိုင်မဲ့ အခွင့်အရေး ရှိနေပါတယ်။
မန်စီးတီး ရဲ့ ရိုဒရီ ကတော့ ဘန်လေ နဲ့ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ ဂွါဒီယိုလာ ရဲ့ အောင်မြင်မှုတွေဟာ ဖာဂူဆန်၊ ဝင်းဂါး၊ ကလော့ပ် တို့ထက်တောင် သာလွန်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဝိန်း ရွန်နီ ကတော့ အာဆင်နယ် ကို နိုင်ပြီးနောက် အောင်ပွဲခံတာတွေက “နည်းနည်း ပိုလွန်းတယ်” လို့ ပြောခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ကလည်း ဒါကို သဘောတူပြီး ဂျန်လုအီဂျီ ဒွန်နာရမ်မာ လူအုပ်ထဲ ခုန်ဝင်တာမျိုးက “ကြည့်ရတာ နည်းနည်း များနေတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာ ကတော့ ဒီဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ပွဲရဲ့ အရေးပါမှုအရ အခုလို အောင်ပွဲခံတာဟာ မလွန်ဘူးလို့ ပြောပါတယ်။
“သူတို့ အောင်ပွဲခံတဲ့အပေါ်မှာ လူတွေက မိုက်မဲတဲ့ စကားတွေ လျှောက်ပြောနိုင်ပါတယ်။ ပြိုင်ဘက်ရဲ့ တန်ဖိုးကို သိလို့ သူတို့ အောင်ပွဲခံကြတာပါ။ အဲ့ဒီပွဲမှာ မနိုင်ရင် ကျန်ခဲ့တော့မယ်ဆိုတာ သူတို့ သိနေကြပါတယ်။ နိုင်သွားပြီ၊ ငါတို့ ဒီမှာ ရှိနေသေးတယ်ဆိုတော့ ဘာလို့ အောင်ပွဲမခံရမှာလဲ? ပြိုင်ဘက်နဲ့ ပြိုင်ဘက်ပရိသတ်တွေကို လေးစားသလောက် ကိုယ်ကြိုက်သလို အောင်ပွဲခံလို့ ရပါတယ်” လို့ မန်စီးတီး နည်းပြက ဆိုပါတယ်။
ဂျန်လုအီဂျီ ဒွန်နာရမ်မာ ကို ပရိသတ်တွေ ဝိုင်းဝန်းခဲ့ကြသလို ဟာလန်း ကလည်း ပွဲပြီး အောင်ပွဲခံလှည့်လည်ချိန်မှာ တီဗီကင်မရာထဲကို သီချင်းဆိုပြခဲ့ပါတယ်။ ဒါဟာ အိမ်ကွင်းပွဲစဉ်တိုင်းမှာ လုပ်နေကျ အလေ့အထလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပရိသတ်တွေက “လန်ဒန် လမ်းမတွေပေါ်မှာ ထိတ်လန့်စရာတွေ ဖြစ်ကုန်ပြီ (Panic on the streets of London)” ဆိုတဲ့ စာသားပါတဲ့ ဘန်နာကိုလည်း ပြသခဲ့ကြပါတယ်။ ဝိန်း ရွန်နီ ကတော့ အဲ့ဒီအောင်ပွဲခံမှုဟာ “စောလွန်းနေသေးပြီး နောက်ပိုင်းမှာ ပြန်ပြီး အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်” လို့ ပြောခဲ့တာပါ။
ဒါပေမဲ့ ဂွါဒီယိုလာ ကတော့ ဒါကို သဘောမတူပါဘူး။ “အောင်ပွဲခံဖို့ ရာသီကုန်ထိ စောင့်ရဦးမှာလား? မဟုတ်တာ” လို့ သူက ဆိုပါတယ်။ “ပွဲတိုင်းမှာ ပရိသတ်တွေဆီ သွားပြီး အဲ့ဒီအခိုက်အတန့်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြဖို့ ကစားသမားတွေကို ကျွန်တော် ပြောထားပါတယ်။ ဘဝကို ဒီလို မဖြတ်သန်းရင် ဘာအဓိပ္ပာယ် ရှိမှာလဲ? နိုင်ရင် တစ်ခါပဲ အောင်ပွဲခံရမှာလား? မနိုင်ရင်ရော အမြဲ ငိုနေရမှာလား? မဟုတ်တာဗျာ။ လူတိုင်း ဒီပွဲကို သိကြပါတယ်။ ဒါက ဗိုလ်လုပွဲပါပဲ။ အထူးသဖြင့် ကျွန်တော်တို့အတွက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဗိုလ်လုပွဲမို့ အောင်ပွဲခံတာဟာ သဘာဝကျပါတယ်” လို့ ဂွါဒီယိုလာ က ပြောကြားသွားခဲ့ပါတယ်။
Source : https://www.espn.co.uk/




