ငါးကြိမ်တိုင်တိုင် ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးထားတဲ့ ဘရာဇီးလ်အသင်းဟာ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်တဲ့ အရည်အချင်းရှိပြီး ၂၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားချန်ပီယံအိမ်မက်ကို အဆုံးသတ်ဖို့ ရည်မှန်းထားတယ်လို့ နည်းပြ ဖြစ်သူ ကာလို အန်ဆလော့တီက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ကလပ်အသင်းနည်းပြဘဝနဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ဆွတ်ခူးခဲ့ပြီးနောက် အီတလီလူမျိုး နည်းပြကြီးဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတဲ့ ဘရာဇီးလ်အသင်းကို ဦးဆောင်ပြီး ဒီကမ္ဘာ့အကြီးမားဆုံး ပြိုင်ပွဲကြီးမှာ နည်းပြအဖြစ် ပထမဆုံးအကြိမ် ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။
စနေနေ့မှာ နယူးဂျာစီပြည်နယ်၌ ကစားမဲ့ မော်ရိုကိုနဲ့ ဘရာဇီးလ်အသင်းရဲ့ အုပ်စု (C) ပွဲဦးထွက်ပွဲစဉ်မတိုင်ခင် “ဒါက အတွေ့အကြုံသစ်တစ်ခုဖြစ်သလို ဘောလုံးလောကရဲ့ အင်ပါယာနိုင်ငံကြီးကို ကိုယ်စားပြုရတဲ့ တာဝန်အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို စကားလုံးနှစ်လုံးတည်းနဲ့ အဓိပ္ပာယ်ဖွင့်ရရင် တာဝန်ယူမှုနဲ့ ဂုဏ်ယူမှုပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ နည်းပြသက်တမ်းမှာ ထူးခြားပြီး အရမ်းကို လှပတဲ့ အချိန်အခါတစ်ခုပါ” လို့ အန်ဆလော့တီက ဆိုပါတယ်။
“ကျွန်တော်တို့မှာ ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်း ရှိနေပြီး ဒါကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။ အရည်အသွေးရော အတွေ့အကြုံပါ ရှိတဲ့အသင်းဖြစ်လို့ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ကစားနိုင်တယ်ဆိုတာ ရာနှုန်းပြည့် စိတ်ချလက်ချ ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဆလော့တီက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အင်မတန် အကြိတ်အနယ်ရှိပြီး မျှတမှုရှိမဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ စကော့တလန်၊ ဟေတီတို့ ပါဝင်တဲ့ အုပ်စုတွင်းမှာ မော်ရိုကိုနဲ့ ပထမဆုံးပွဲစဉ်ကို ရင်ဆိုင်ဖို့ သူ့ရဲ့ ကစားသမားတွေ ကောင်းကောင်း ပြင်ဆင်ထားပြီးပြီလို့လည်း သူက ခံစားရပါတယ်။
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲ ၁၈ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရုန်းကန်ခဲ့ရတာကြောင့် သံသယအမြင်တွေနဲ့အတူ အမေရိကန်မြေပေါ်ကို ခြေချခဲ့တာပါ။ သူတို့ဟာ ခြေစစ်ပွဲမှာ အဆင့် ၅ နေရာနဲ့သာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ အရင်နှစ်တွေကဆိုရင် ပလေးအော့ဖ်အဆင့် ကစားရမဲ့ အနေအထားဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ဟာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ရိုဒရီဂိုနဲ့ အက်စတီဗာအိုတို့ မပါဝင်ဘဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး နေမာကလည်း ပထမဆုံး ပွဲဦးထွက်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ မေလလယ်ပိုင်းက ညာဘက်ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမဲ့အပတ်မှာတော့ လေ့ကျင့်ရေးကွင်းဆီ ပြန်လာနိုင်တော့မယ်လို့ အန်ဆလော့တီက အတည်ပြုပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံအသင်းအတွက် ကစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
“နေမာက တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ သူ့ကို အသင်းဆီ ခေါ်ယူခဲ့တာက ငြင်းပယ်လို့မရတဲ့ သူ့ရဲ့ ဘောလုံးစွမ်းရည်တစ်ခုတည်းကြောင့်တင် မဟုတ်ပါဘူး။ အသင်းထဲက လူငယ်ကစားသမားတွေကို သူပေးနိုင်မဲ့ အတွေ့အကြုံနဲ့ စံနမူနာကောင်းတွေကြောင့်လည်း ပါဝင်ပါတယ်” လို့ နည်းပြကြီးက ပြောပါတယ်။
Source : https://sports.yahoo.com/




