ဖီဖာ ဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ရှယ်ယာတချို့ကို ရောင်းထုတ်ဖို့လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ဟာ “စူပါလိဂ်ထက်တောင် ပိုဆိုးရွားတယ်” လို့ ပြောဆိုလိုက်ပြီးနောက် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖာရင် က အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဆိုတာ သတိရဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီလအစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာ ပြိုင်ပွဲအားလုံးရဲ့ စီးပွားရေးနဲ့ လက်မှတ်ရောင်းချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Fifa Forward Enterprise (FFE) ကို ထူထောင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဆီကို ၂၁ ရာခိုင်နှုန်းရောင်းချမဲ့ အင်ဖန်တီနို ရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ယူအီးအက်ဖ်အေ ဟာ ဒီအစီအစဉ်ကို ဖျက်သိမ်းမပေးရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ အဖွဲ့ဝင်နိုင်ငံတွေက မဲပေးဆုံးဖြတ်ကာ ကန့်ကွက်မှုကို ဦးဆောင်ခဲ့တာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ အသက် ၅၆ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား အင်ဖန်တီနို အပေါ် ယုံကြည်မှု မရှိတော့ဘူးလို့ ပြောဆိုထားပြီး ယူကေနိုင်ငံအားလုံးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေကလည်း သူ့အပေါ် ထောက်ခံမှုကို ရုပ်သိမ်းခဲ့ကြပါတယ်။
“ဒီအစီအစဉ်ဟာ စူပါလိဂ် အစီအစဉ်ထက်တောင် ပိုဆိုးတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဆီဖာရင် က The Rest is Politics ပေါ့ဒ်ကတ်စ်မှာ ပြောခဲ့ပါတယ်။
“အရမ်းအရေးပါတဲ့ ကလပ်တွေက သူတို့ဘာသာ လိဂ်တစ်ခု တည်ထောင်ချင်ခဲ့ကြတယ်၊ ဒါက မှားယွင်းပြီး ဘောလုံးလောကကို ပျက်စီးစေမှာပါ။ ဒါပေမဲ့ အခုကိစ္စမှာတော့ ဘောလုံးလောကကို တကယ်ကြီး ရောင်းစားတော့မဲ့ ပုံစံဖြစ်နေပါတယ်။
“ဒီအစီအစဉ် ပျက်ပြယ်သွားပြီဆိုတာ ကျွန်တော် အပြည့်အဝ သေချာပါတယ်။ လူတိုင်းနဲ့ သက်ဆိုင်တဲ့အားကစားကို ဘယ်လိုလူမျိုးတွေက ရောင်းစားချင်ရတာလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ ကျွန်တော်တို့ ဒါမျိုး အဖြစ်မခံနိုင်ပါဘူး”
ဥရောပစူပါလိဂ်ဆိုတာ ယူအီးအက်ဖ်အေ ရဲ့ ချန်ပီယံလိဂ်ကိုယှဉ်ပြိုင်ဖို့ ထိပ်တန်းဥရောပကလပ် ၂၀ နဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့တဲ့ သီးခြားခွဲထွက်လိဂ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ပြီးနောက် ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာကြောင့် ရက်ပိုင်းအတွင်းမှာပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။
ဆီဖာရင် က အင်ဖန်တီနို ရဲ့ ဒီအစီအစဉ်ကို ယူအီးအက်ဖ်အေ ဘက်က ကြိုတင်မသိခဲ့ဘဲ မိသားစုနဲ့အတူ အားလပ်ရက် အပန်းဖြေနေတုန်း မီဒီယာတွေကနေတစ်ဆင့် သိခဲ့ရတာလို့ ပြောပါတယ်။
“ဒါတွေဖြစ်ပြီးကတည်းက သူ ကျွန်တော့်ကို ဆက်သွယ်မလာတော့ပါဘူး” လို့ ဆီဖာရင် က ဆိုပါတယ်။
“သူတို့ (ဖီဖာ) က ‘မောက်မာတဲ့ ဥရောပဟာ ငါတို့ကို ဆန့်ကျင်နေတယ်၊ သူတို့မှာ ပိုက်ဆံအလုံအလောက်ရှိပေမဲ့ ငါကတော့ အသင်းငယ်လေးတွေနဲ့ ဆင်းရဲတဲ့သူတွေကို ကူညီပေးနေတာ’ ဆိုပြီး ပုံဖော်နေတာပါ။
“ဒါပေမဲ့ သူဟာ ဥရောပသားတစ်ယောက်ဖြစ်ပြီး သူ့ကို ယူအီးအက်ဖ်အေ က ထောက်ခံပေးခဲ့တယ်ဆိုတာ သူမေ့နေတဲ့အတွက် တစ်ယောက်ယောက်က သူ့ကို သတိပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”
ယူအီးအက်ဖ်အေ မှာ ၁၆ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ၉ နှစ်ကြာ တာဝန်ယူခဲ့တဲ့ အင်ဖန်တီနို ဟာ လူထုထောက်ခံမှုရဖို့ ကမ္ဘာအနှံ့ လှည့်လည်သွားလာနေပါတယ်။
စနေနေ့က ဒိုမီနီကန်သမ္မတနိုင်ငံ မှာ ကာရေဘီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို တနင်္ဂနွေနေ့မှာတော့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် နဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တို့ တက်ရောက်ခဲ့တဲ့ ပါရီ မြို့က E-Sports World Cup ပြိုင်ပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ အင်ဖန်တီနို အနေနဲ့ လူငယ်ပြိုင်ပွဲတွေနဲ့ ဝေးဝေးနေဖို့ တောင်းဆိုခံခဲ့ရပါတယ်။
ဘာလိုဂန် ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆီဖာရင် ဝေဖန်
အင်ဖန်တီနို က စတုတ္ထအကြိမ် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မဲ့ ၂၀၂၇ ခုနှစ် မတ်လ ဖီဖာ ညီလာခံမှာ သူကိုယ်တိုင် ဖီဖာ ဥက္ကဋ္ဌနေရာအတွက် ဝင်မပြိုင်ဘူးလို့ ဆီဖာရင် က အတည်ပြုခဲ့ပါတယ်။
“အကြောင်းပြချက် နှစ်ခုကြောင့် ကျွန်တော် စိတ်မဝင်စားတာပါ။ ပထမအချက်က ကျွန်တော် ယူအီးအက်ဖ်အေ ကို ချစ်တယ်၊ ဒီမှာ အလုပ်လုပ်ရတာကို သဘောကျတယ်၊ ပြီးတော့ အချိန်တစ်ခုရောက်ရင် ဘဝကိုလည်း အေးအေးဆေးဆေး ဖြတ်သန်းသင့်တယ်လို့ ထင်ပါတယ်။
“ဒုတိယအချက်ကတော့ ကျွန်တော် ဒီရာထူးကို စိတ်မဝင်စားမှသာ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာနဲ့ ယုံကြည်စိတ်ချရမှုက အများကြီး ပိုမြင့်မားနေမှာ ဖြစ်ပါတယ်” လို့ အသက် ၅၈ နှစ်အရွယ် ဆလိုဗေးနီးယားနိုင်ငံသားက ပြောကြားခဲ့ပါတယ်။
ဖျက်သိမ်းလိုက်တဲ့ FFE အစီအစဉ်မတိုင်ခင်ကတည်းက အင်ဖန်တီနို ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ဆက်ဆံရေးကြောင့် ဖိအားတွေ ပိုများလာခဲ့တာပါ။
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ဟာ အနီကတ်ပြစ်ဒဏ် ပယ်ဖျက်ခံရပြီးနောက် ဒီနွေရာသီ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ဝင်ကစားနိုင်ခဲ့ပြီးတဲ့နောက် ထရမ့် က ဒီပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ အင်ဖန်တီနို ဆီကို သူကိုယ်တိုင် ဖုန်းဆက်တောင်းဆိုခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီလအစောပိုင်းမှာတော့ ထရမ့် က အင်ဖန်တီနို ကို ဖီဖာ ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားတာဟာ “ဆိုးရွားတဲ့ အမှားကြီးတစ်ခု” ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒါက တကယ့်ကို တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့ဆီမှာ စည်းမျဉ်းတွေရှိတယ်၊ ကိုယ့်စည်းမျဉ်းကိုတောင် ကိုယ်တိုင် မလေးစားဘူးဆိုရင် ဒီကစားနည်းက ဘာမှ အဓိပ္ပာယ်မရှိတော့ပါဘူး” လို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆီဖာရင် က ပြောပါတယ်။
“နိုင်ငံတစ်ခုရဲ့ သမ္မတက ‘ငါ သူ့ဆီ ဖုန်းဆက်ပြီး ဒီကိစ္စကို ကြည့်ပေးဖို့ ပြောခဲ့တယ်’ လို့ ပြောတယ်၊ အဲဒီနောက်မှာ ဖီဖာ ဥက္ကဋ္ဌက ဒါဟာ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ပါလို့ ပြောပြန်တယ်။
“ဘောလုံးပရိသတ်တွေ အနေနဲ့ပဲဖြစ်ဖြစ်၊ ဦးဆောင်အဖွဲ့အစည်းတစ်ခု အနေနဲ့ပဲဖြစ်ဖြစ် ဒါဟာ အရမ်းကိုတုန်လှုပ်စရာ ကောင်းပါတယ်။ တကယ်ပါပဲ…လူတိုင်းနီးပါး တုန်လှုပ်ခဲ့ရပြီး လူတိုင်းကတော့ ထုတ်မပြောရဲခဲ့ကြတာပါ”
Source : https://www.bbc.com/




