ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ် ကွင်းမှာ ကစားခဲ့တဲ့ ဒါဘီပွဲစဉ်အတွင်း မန်ချက်စတာစီးတီး အသင်းကို ဂိုးပေးခဲ့တဲ့အပေါ် “ဆုံးဖြတ်ချက် အမှားအယွင်း” လုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
အာလင်း ဟာလန်း ဂိုးသွင်းယူချိန်မှာ အန်ဇို ဖာနန်ဒက်စ် ဟာ လူကျွံဘော အနေအထားကနေ ကစားကွက်ထဲ ဝင်ရောက်နှောင့်ယှက်ခဲ့ပုံပေါ်ပေမဲ့ VAR စစ်ဆေးပြီးနောက် တာဝန်ကျဒိုင် မတ် ဒိုနိုဟူး နဲ့ လက်ထောက်ဒိုင် ဘလိတ် အန်ထရိုဘတ်စ် တို့က မန်စီးတီး ဘက်ကို ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီးများအဖွဲ့ Pro Ref ကတော့ ဖာနန်ဒက်စ် ရဲ့ ပါဝင်ပတ်သက်မှုဟာ လူကျွံဘော သတ်မှတ်ဖို့ လုံလောက်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ ကို မော်နီတာ သွားကြည့်ခိုင်းသင့်တာကို မလုပ်ခဲ့တဲ့အတွက် ဒိုနိုဟူး အနေနဲ့ အမှားအယွင်း ဖြစ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ မူလက ကွင်းထဲမှာ ဟာလန်း လူကျွံတယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပေမဲ့ ပြန်လည်စစ်ဆေးချိန်မှာ ပက်ထရစ် ဒေါ်ဂူ ကြောင့် အွန်ဆိုဒ် ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ဖာနန်ဒက်စ် က ခေါင်းတိုက်သွင်းဖို့ ကြိုးစားခဲ့တာဟာ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်စ် နဲ့ ဂိုးသမား ဆန်နီ လာမန်စ် တို့ရဲ့ လှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိခဲ့တာ ထင်ရှားနေတာကြောင့် ဒါဟာ လူကျွံဘော သတ်မှတ်ချက်နဲ့ အကျုံးဝင်နေပါတယ်။
ဒိုနိုဟူး ဟာ ၂၀၁၄ ခုနှစ်မှာ EFL လက်ထောက်ဒိုင်အဖြစ် စတင်အဆင့်တိုးမြှင့်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် မေလမှာတော့ ပရီးမီးယားလိဂ်ကို စတင်ကိုင်တွယ်ခွင့် ရခဲ့သူပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ VAR ဒိုင်အဖြစ် အဓိက တာဝန်ယူခဲ့ပါတယ်။
လက်ထောက်ဒိုင် အန်ထရိုဘတ်စ် လည်း ဒီတစ်ပတ် ပွဲစဉ်တွေမှာ ကိုင်တွယ်ခွင့် မရတော့ပါဘူး။ ကွင်းလယ်ဒိုင် အိုလီဗာ ကတော့ လာမဲ့ တနင်္ဂနွေနေ့မှာ ကစားမဲ့ ဘုန်းမောက် နဲ့ လီဗာပူး ပွဲစဉ်ကို ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီ ကတော့ ဒီဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တကယ်ကို “နားမလည်နိုင်စရာ ကိစ္စ” လို့ ဝေဖန်သွားပါတယ်။
BBC ရဲ့ Match of the Day 2 အစီအစဉ်မှာ ရွန်နီ က “ကျွန်တော် ဒီ VAR ကို အရမ်းစိတ်ကုန်နေပါပြီ၊ တကယ်ကို ဆိုးရွားပါတယ်။ ကစားပွဲရဲ့ ခံစားချက်တွေရော၊ ရင်ခုန်စရာ စွမ်းအင်တွေကိုပါ အကုန်ဖျက်ဆီးပစ်နေတာပါ။ ဒီလို အခြေအနေမှာ ဖာနန်ဒက်စ် လူကျွံဘော အနေအထား ရောက်နေတာကိုမမြင်ဘဲ လွဲချော်တာကတော့ မဖြစ်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။
“ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ဘောလုံးကစားဖူးတဲ့သူတိုင်း ဒါဟာ လူကျွံဘော အနေအထားဖြစ်နေတယ်ဆိုတာ နားလည်ကြပါတယ်။ ဒီလောက်ထိ မှားယွင်းသွားတာကတော့ တကယ့်ကို နားမလည်နိုင်စရာပါပဲ” လို့ သူက ထပ်ပြောပါတယ်။
Pro Ref အဖွဲ့ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် အသင်းဆီကို ဆက်သွယ်ထားပြီး ဖြစ်ပါတယ်။
Pro Ref ရဲ့ ဒိုင်လူကြီးများဆိုင်ရာ အကြီးအကဲ ဟောင်းဝပ် ဝက်ဘ် ဟာ အင်္ဂါနေ့မှာ Sky Sports နဲ့ TNT Sports တို့ကနေ ထုတ်လွှင့်မဲ့ ‘Match Officials: Mic’d Up’ အစီအစဉ်မှာ ပါဝင်လာမှာဖြစ်ပြီး ဒီ မန်ချက်စတာဒါဘီ ပွဲက အဖြစ်အပျက်ကို ရှင်းပြသွားဖို့ ရှိနေပါတယ်။
ဝက်ဘ် နဲ့ Pro Ref တာဝန်ရှိသူတွေဟာ ဒိုနိုဟူး နဲ့ အန်ထရိုဘတ်စ် တို့ကို ပွဲစဉ်တွေ တာဝန်မပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း The Press Association က ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဒီတစ်ပတ် ပွဲစဉ်တွေအပြီး နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်တွေ ရောက်လာတော့မှာမို့ သူတို့နှစ်ဦးဟာ အစောဆုံး အောက်တိုဘာလ ၁၀ ရက်နေ့အထိ ထိပ်တန်းပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
Source : https://www.espn.com.sg/




