၂၃ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် အင်္ကျီအမှတ် ၇ ကို လက်လွှဲပြီး နိုင်ငံအသင်းကနေ အနားယူကြောင်း စီရော်နယ်ဒို ကြေညာ

စီရော်နယ်ဒို ပေါ်တူဂီအသင်း အနားယူ

ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ ၂၃ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် နိုင်ငံအသင်းကနေ အနားယူတော့မယ်လို့ ဂန္ထဝင်တိုက်စစ်မှူး စီရော်နယ်ဒို (Cristiano Ronaldo) က သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် တရားဝင် ကြေညာလိုက်ပါတယ်။

“ပေါ်တူဂီ ပြည်သူတွေအတွက် ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံအသင်းရဲ့ အင်္ကျီအမှတ် ၇ ကို ပြန်လည်လွှဲပြောင်းပေးရမဲ့အချိန် ရောက်လာပါပြီ။ ဒီဂျာစီဟာ ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ ဒါပေမဲ့ ၂၃ နှစ်တာကာလပတ်လုံး ဒီအင်္ကျီကို ဝတ်ဆင်ခွင့်ရခဲ့တာ၊ ကာကွယ်ခွင့်ရခဲ့တာနဲ့ ကမ္ဘာတစ်ဝန်းက ဘောလုံးကွင်းတွေဆီ ယူဆောင်သွားခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာအခွင့်ထူးနဲ့ ကြီးမားတဲ့ တာဝန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီအင်္ကျီကို အနာဂတ်မျိုးဆက်သစ်တွေဆီ လွှဲပြောင်းပေးရမဲ့ အချိန်တန်ပါပြီ” လို့ စီရော်နယ်ဒို က ရင်ဖွင့်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဒီဆုံးဖြတ်ချက်ဟာ ဦးနှောက်နဲ့ချည်း ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ နှလုံးသားနဲ့ပါ ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရတာဖြစ်ကြောင်း၊ နိုင်ငံအသင်းနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်ကြည့်လိုက်ရင် ပွဲတွေ၊ ဂိုးတွေ၊ စံချိန်တွေနဲ့ ဆုဖလားတွေကိုတင် မဟုတ်ဘဲ လူသားတွေကိုပါ မြင်ယောင်နေမိပြီး ကစားသမားဘဝတစ်လျှောက်လုံး အကန့်အသတ်တွေကို ကျော်ဖြတ်ကာ သမိုင်းသစ်တွေ ရေးထိုးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြောင်းလည်း သူက ဖွင့်ဟထားပါတယ်။

လက်ရှိ ပေါ်တူဂီ နည်းပြ ဂျော့ချ် ဂျေဆုစ် (Jorge Jesus) နဲ့ ကစားသမားကြား အဆင်မပြေမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဂျေဆုစ် ဘက်ကတော့ စီရော်နယ်ဒို ကို အနားမယူစေချင်ဘဲ ဒါဟာ ကစားသမားရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် သက်သက်သာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

ဘောလုံးသုံးသပ်သူတွေကတော့ အဆုံးသတ်ပုံစံက အနည်းငယ် မချောမွေ့ခဲ့ပေမဲ့ ၂၃ နှစ်တာအတွင်း ၂၃၄ ပွဲ ကစားပြီး ၁၄၆ ဂိုး သွင်းယူကာ နိုင်ငံတကာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်ခဲ့တဲ့ သူ့ရဲ့မယုံနိုင်စရာ အောင်မြင်မှုတွေကိုပဲ လူတွေက အမြဲအမှတ်ရနေမှာဖြစ်ကြောင်း ထောက်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် မှာ တောင်ပံတိုက်စစ်ကနေ ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူးအဖြစ် အသွင်ပြောင်း ကစားနိုင်ခဲ့တဲ့ စီရော်နယ်ဒို ဟာ အသင်းဖော် မက်ဆီ (Lionel Messi) နဲ့အတူ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကမ္ဘာ့ဘောလုံးလောကရဲ့ သမိုင်းစာမျက်နှာတွေကို အသစ်ပြန်ရေးဆွဲခဲ့သူပါ။ အသက် ၄၁ နှစ်အရွယ်အထိ နိုင်ငံအသင်းအတွက် ကစားပေးခဲ့ပြီး ယူရိုဖလားနဲ့ နေရှင်းလိဂ်ဖလားတွေကို ဆွတ်ခူးပေးခဲ့တဲ့ သူ့အတွက် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ထိုက်တန်တဲ့ နှုတ်ဆက်ဂုဏ်ပြုပွဲ စီစဉ်ပေးဖို့ ပရိသတ်တွေကလည်း မျှော်လင့်နေကြပါတယ်။

Source : bbc.com

Leave a Reply

Your email address will not be published. Required fields are marked *