မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အကောင်းဆုံး လူငယ်ကစားသမားဆုတွေကို မန်စီးတီး က နီကို အိုရွိုင်လီ နဲ့ အာဆင်နယ် က အိုလီးဗီးယား စမစ် တို့ အသီးသီးရရှိခဲ့ကြသလို ဂန္ထဝင်ကစားသမားကြီး ဆာ ကန်နီ ဒဲလ်ဂလစ်ရှ် ကလည်း ထူးချွန်ဂုဏ်ပြုဆု (Merit Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။
ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ် ဟာ အလွန်ထူးချွန်ခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂန္ထဝင်ကစားသမား သီယာရီ အွန်နရီ နဲ့ ဒီဘရိုင်းနား တို့ရဲ့ စံချိန်တွေကိုကျော်ဖြတ်ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီမှာ သွင်းဂိုး ၉ ဂိုးလည်း သွင်းယူပေးခဲ့ပြီး ရာသီအစပိုင်းရုန်းကန်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကို နည်းပြ မိုက်ကယ် ကာရစ် လက်အောက်မှာ အဆင့် ၃ နေရာနဲ့ အဆုံးသတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် အဓိကကနေ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက် ကစားသမားတွေရဲ့ မဲပေးရွေးချယ်မှုကြောင့် ဒီဆုကို ရရှိခဲ့တဲ့အပေါ် ဖာနန်ဒက်စ် က အရမ်းကို ဂုဏ်ယူကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
သူက “ဒါဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ သူတို့တွေဟာ ကွင်းထဲမှာ ကိုယ်နဲ့အမြဲရင်ဆိုင် ယှဉ်ပြိုင်နေရသူတွေဖြစ်ပြီး ကိုယ်နဲ့ရင်ဆိုင်ကစားရတဲ့သူတစ်ယောက်ကို မဲပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီဆုရတာဟာ တကယ်ကို ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူဟာ ၂၀၀၉-၁၀ ရာသီတုန်းက ဝိန်း ရူနီ ရရှိခဲ့ပြီးနောက်ပိုင်း မန်ယူ အသင်းအတွက် ဒီဆုကို ပထမဆုံးအကြိမ် ပြန်လည်ယူဆောင်ပေးနိုင်ခဲ့သူ ဖြစ်လာခဲ့သလို ပြီးခဲ့တဲ့ မေလတုန်းကလည်း ဘောလုံးသတင်းထောက်များအဖွဲ့ (FWA) ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုပါ သိမ်းပိုက်ထားခဲ့ပါသေးတယ်။
Source : https://www.skysports.com/




