ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေကို ပြိုးထောင်ဖို့ အမြဲကြိုးစားလေ့ရှိပေမဲ့ အခုတော့ အန်ဒရီ ဆန်းတို့စ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကြပ်ရိုက်စရာ အခြေအနေတစ်ခု ကြုံနေရပါတယ်။ ကော့တ် အော့ဖ်ဆိုက်(ဒ်) ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ကွင်းလယ်လူ ဆန်းတို့စ်ဟာ ဥရောပမှာ နာမည်ကြီးလာနေပေမဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေမလားဆိုတာကတော့ မသေချာသေးပါဘူး။
ဒါဟာ ကစားသမားရဲ့ ခြေစွမ်း၊ အခွင့်အရေးနဲ့ ဘဏ္ဍာရေး အခြေအနေတွေအပေါ် မူတည်နေပါတယ်။ ချယ်လ်ဆီးအနေနဲ့ ဆန်းတို့စ်ကို အသင်းရဲ့ အနာဂတ်အတွက် အခြေခံကျတဲ့ ကစားသမားအဖြစ် ထားမလား၊ ဒါမှမဟုတ် အသင်းရဲ့ ဘဏ္ဍာရေး အစီအစဉ်အတွက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရောင်းထုတ်မလားဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
ဆန်းတို့စ်ဟာ ချယ်လ်ဆီးရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ စထရာဘိုးမှာ အငှားသွားကစားရင်း လီဂူးဝမ်းရဲ့ အလားအလာအရှိဆုံး ကွင်းလယ်လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဘောလုံးထိန်းသိမ်းပုံ၊ ခံစစ်အမြင်နဲ့ တိုက်စစ်ကို ကူညီနိုင်စွမ်းတွေက တကယ်ကို တိုးတက်လာတာပါ။ ဒါကြောင့်လည်း အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့အပြင် ပရီးမီးယားလိဂ်က မန်ယူနဲ့ ဝက်စ်ဟမ်းတို့ကပါ သူ့ကို မျက်စိကျနေကြပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာတင် ထိပ်တန်းအဆင့် ကစားနိုင်စွမ်းရှိတာကို သူက သက်သေပြနိုင်ခဲ့ပါပြီ။
ခြေစွမ်းပြနေပေမဲ့ ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်း (Profit and Sustainability Rules) က ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနေပါတယ်။ သတင်းတွေအရ ဆန်းတို့စ်ကို အသင်းတွင်းမှာ အထင်ကြီးခံရပေမဲ့ သူ့ရဲ့တန်ဖိုးက ယူရို သန်း ၆၀ ကနေ ၇၀ ကြားရှိနေတာကြောင့် ဘဏ္ဍာရေး ချိန်ညှိဖို့အတွက်ဆိုရင် ရောင်းထုတ်ဖို့ အကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်။ ချယ်လ်ဆီးရဲ့ ကွင်းလယ်မှာ ကစားသမားတွေ အများကြီးရှိနေတာကလည်း ဆန်းတို့စ်အတွက် နေရာရဖို့ ခက်ခဲစေပါတယ်။
ဒါက အပြောင်းအရွှေ့တစ်ခုတည်းတင် မဟုတ်ဘဲ ချယ်လ်ဆီးရဲ့ အသင်းတည်ဆောက်ပုံ နည်းဗျူဟာကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပရိသတ်တွေကတော့ ဆန်းတို့စ်ကို အသင်းမှာ ဆက်ထားစေချင်ကြပါတယ်။ အရင်က ဆာလာ၊ ဒီဘရိုင်းတို့လိုမျိုး အသင်းကနေ စောစောစီးစီး ရောင်းထုတ်လိုက်ပြီးမှ တခြားမှာ ခြေစွမ်းပြသွားတာမျိုး ထပ်မဖြစ်စေချင်ကြပါဘူး။
ဒါပေမဲ့ ယူရို သန်း ၇၀ လောက် ရနိုင်မဲ့ အခွင့်အရေးကလည်း အသင်းအတွက် ငြင်းရခက်တဲ့ ပမာဏဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးအနေနဲ့ ဒီလူငယ်ကြယ်ပွင့်ကို အခွင့်အရေးပေးမလား၊ ဒါမှမဟုတ် ငွေကြေးအရပဲ ကြည့်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Source : https://sports.yahoo.com/




