မန်ချက်စတာ ယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ ဘရိုင်ယန် အမ်ဘွေမို နဲ့ ဘင်ဂျမင် ဆက်စ်ကို တို့ဟာ မတ်လအတွင်းကစားမဲ့ သူတို့ရဲ့ နိုင်ငံတကာပွဲစဉ်တွေကနေ နုတ်ထွက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဘုန်းမောက်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ကင်မရွန်းလက်ရွေးစင် အမ်ဘွေမို ဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတကာပွဲတွေကနေ နုတ်ထွက်ခဲ့တာလို့ ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူဟာ တရုတ်၊ သြစတြေးလျတို့နဲ့ ကစားမဲ့ ခြေစမ်းပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။
ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကို ကတော့ သီတင်းပတ် တော်တော်ကြာအောင် ဒဏ်ရာပြဿနာတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပြီး ရာသီအပိတ်ပွဲစဉ်တွေမှာ အသင်းအတွက် အကောင်းဆုံး ပုံစံပြန်ရဖို့ နိုင်ငံတကာပွဲတွေကနေ နုတ်ထွက်ခဲ့တာပါ။ သူဟာ ဟန်ဂေရီ၊ မွန်တီနီဂရိုးတို့နဲ့ ကစားမဲ့ပွဲတွေကို လွဲချော်ပါမယ်။
ဗီအေအာ (VAR) ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ဘုန်းမောက်က ပင်နယ်တီရပြီး မန်ယူက ဘာလို့မရတာလဲဆိုတဲ့ မေးခွန်းတွေ ရှိခဲ့သလို၊ နည်းပြ မိုက်ကယ် ကားရစ် ကလည်း ပင်နယ်တီ ဆုံးဖြတ်ချက်တွေအပေါ် အံ့အားသင့်မိတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ မားသိုက်စ် ဒီလစ် ပြန်လာနိုင်မလားဆိုတာကိုလည်း ကားရစ်က အာမမခံနိုင်သေးပါဘူး။
ယူနိုက်တက်အတွက် သတင်းကောင်းတစ်ခုကတော့ ဖျားနာနေတဲ့ နူဆေးလ် မာဇရိုဝီ ဟာ ပြန်လည်သက်သာလာပြီး အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ကစားမဲ့ မော်ရိုကိုအသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ဖို့ သွားရောက်ပူးပေါင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုက်ကယ် ကားရစ် ရဲ့ အသင်းဟာ အက်ဖ်အေဖလားကနေ ထွက်ထားရသလို ဥရောပပွဲစဉ်တွေလည်း ကစားစရာမရှိတာကြောင့် နားရက် တစ်ပတ် ပိုရမှာဖြစ်ပါတယ်။ သူတို့ဟာ လာမဲ့ ဧပြီ ၁၃ ရက်နေ့မှာ လိဒ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ချယ်လ်ဆီး၊ ဘရန့်ဖို့ဒ်တို့နဲ့ ရင်ဆိုင်ရမှာပါ။
Source : https://www.espn.com.sg/




